WZMR CONTENT PAGE

Wednesday, July 8, 2015

ကြံ့ခိုင်ရေးပါတီ မပိုင်ဝက်မွေးဖြစ်ခဲ့တယ်လို့ ဘာ့ကြောင့်ပြောတာလဲ (Text Report)

ကြံ့ခိုင်ရေးပါတီ မပိုင်ဝက်မွေးဖြစ်ခဲ့တယ်လို့ ဘာ့ကြောင့်ပြောတာလဲ (Text Report)
အာဏာရကြံ့ခိုင်ရေးပါတီထဲ သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းတို့ကြား အကွဲအပြဲမှာ တစ်နေ့တစ်ခြား ထင်ရှားလာနေပြီး လာမယ့် ၂ဝ၁၅ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားပြု လွှတ်တော်အမတ်စာရင်းတွေ မထုတ်ပြန်ခင်အချိန်မှာ သူတို့ပါတီဟာ မပိုင်ဝက်မွေး၊ မိအေးနှစ်ခါနာခဲ့ရတယ်လို့ ပါတီအာဘော် ပြည်ထောင်စုနေ့စဉ်က ဇူလိုင် ၅ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့အနေအထားဟာ ကြွေးဟောင်းကိုလည်းဆပ်နေရပြီး ကြွေးသစ်ကိုလည်း ဆပ်နေရတယ်လို့ ပါတီဗဟိုအတိုင်ပင်ခံ ဦးစိုးသာရဲ့ ပြောဆိုချက်ကို ကိုးကားဖော်ပြထားပါတယ်။ ဒါပေမယ့် သူတို့ပါတီဟာ ပါတီဥက္ကဌ သူရဦးရွှေမန်းနဲ့ ခေါင်းဆောင်တွေရဲ့စုပေါင်းဦးဆောင်မှုနဲ့ မယိမ်းမယိုင် ကြံ့ကြံ့ခိုင်ရပ်တည်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ပြည်သူတွေက လွှတ်တော်တွင်းဆောင်ရွက်ချက်ကို ပါတီလုပ်ရပ်အဖြစ်မြင်နေပြီး အစိုးရရဲ့လုပ်ရပ်တွေကို သမ္မတဦးသိန်းစိန်ရဲ့လုပ်ရပ်အဖြစ် မြင်နေတာကြောင့် ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်ပေမယ့် ပါတီပုံရိပ်ကို ထိခိုက်စေနိုင်တယ်လို့ ဦးစိုးသာရဲ့ပြောဆိုချက်က ဆိုပါတယ်။
ဒါဟာ ဂျပန်နိုင်ငံကိုရောက်တုန်းက NHK သတင်းဌာနကို သမ္မတဒုတိယသက်တမ်းအတွက် ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ဦးသိန်းစိန်ရဲ့ပြောဆိုချက်ကို တုံ့ပြန်လိုက်တာလည်းဖြစ်ပါတယ်။ ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်ကလည်း သူတို့ကြံ့ခိုင်ရေးဟာ အနိုင်ရပါတီဖြစ်ပေမယ့် နိုင်ငံတော်ယန္တရားလည်ပတ်မှုမှာ ပါတီအနေနဲ့ ပူးပေါင်းဆောင်ရွက်ခွင့် အခွင့်အလမ်းတွေ နည်းပါးခဲ့တယ်လို့လည်း ပြည်ထောင်စုနေ့စဉ်က ဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်တွေဖြစ်တဲ့ ဝန်ကြီးဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ဟာ ကယားပြည်နယ်ကနေ ပါတီကိုယ်စားဝင်ရောက်ခွင့်ပေးဖို့ တင်ပြချက်ကို ပါတီက ငြင်းပယ်ခဲ့ပြီးနောက်မှာ ဝန်ကြီးနှစ်ယောက်ဟာ တစ်သီးပုဂ္ဂလအဖြစ်နဲ့ ကယားပြည်နယ်က လူဦးရေအနည်းဆုံး မြို့နယ်၂ခုကနေ ရွေးကောက်ပွဲဝင်မယ်လို့ သတင်းတွေထွက်နေပါတယ်။
ထိပ်တန်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ပါတီဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက သူ့အပေါ် အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုတွေဖြစ်အောင် အစိုးရထဲက လုပ်ခဲ့တယ်လို့ သွယ်ဝိုက်စွပ်စွဲထားပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာလည်း ကြံ့ခိုင်ရေးပါတီက အဓိကပြင်ဆင်လိုတဲ့အချက်တွေကို မြန်မာသမ္မတက စစ်တပ်ကို ကန့်ကွက်ဖို့ညွှန်ကြားခဲ့ပုံရတာကြောင့် ဘယ်လိုမှ မပြင်နိုင်ခဲ့ဘူးလို့လည်း လွှတ်တော်အမတ် ဦးလှဆွေက သတင်းမီဒီယာတွေကို တရားဝင်ပြောခဲ့ပါတယ်။

No comments:

Post a Comment