From U Ravika's facebook
အခု ဆွေးနွေးပွဲတွေက ဟော့ ဖြစ်နေပါတယ်။ UNFC ဆွေးနွေးပွဲ၊ NCCT ဆွေးနွေးပွဲ၊ KNU ဆွေးနွေးပွဲ၊ UPWC ဆွေးနွေးပွဲ၊ ပြည်ထောင်စု Institute ဆွေးနွေးပွဲ၊ အခု ပူပူနွေးနွေး ကျောင်းသားကိုယ်စားလှယ်များနဲ့ အစိုးရဆွေးနွေးပွဲတို့ အစီအရီ ရှိနေတယ်။ စစ်မှန်တဲ့ စစ်အစိုးရလက်ထက်တုန်းက ဆွေးနွေးပွဲငတ်နေကြတဲ့ အတိုက်အခံများနဲ့ တိုင်းရင်းသားများကို ဦးအောင်မင်းက ဆွေးနွေးပွဲဝန်ကြီးလုပ်ကာ ဖြည့်ဆည်းပေးလျက် ရှိပါတယ်။ ဒါပေမဲ့ အစိုးရဟာ ဆွေးနွေးပွဲကို စေ့စပ်ညှိံနှိုင်းရေးနဲ့ မရောမိအောင် ကန့်သတ်ထားပါတယ်။

(၁) ကျောင်းသားသပိတ်ဆွေးနွေးပွဲ
အခု ဆွေးနွေးနေတဲ့ ကျောင်းသားသပိတ်ကိုယ်စားလှယ်များက အချက်(၁၁)ချက်အပြင် အချက်(၉)ချက်ကိစ္စလည်း ပြောလာလို့ ဒါဟာ နိုင်ငံရေးပယောဂ မကင်းဘူး၊ ရှေ့နောက်မညီဘူးလို့ ဝေဖန်သံကြားရပါတယ်။ အဲဒီလိုတိုးလာခြင်းမှာ ဆွေးနွေးပွဲရဲ့ သဘောသဘာဝ ဖြစ်တယ်။ ဆွေးနွေးဖို့ လက်ခံခြင်းမှာ ဘက်နှစ်ဖက်စလုံးက မိမိတို့ဆုပ်ကိုင်ထားတဲ့ မူဝါဒကိုယ်စီ ရှိပါလိမ့်မယ်။ ဆွေးနွေးရင်းနဲ့ အချက်တွေ လျှော့သွားတာ ရှိသလို အချက်တွေ တိုးလာတာလည်း ရှိနိုင်ပါတယ်။ Rules of the game ဆိုတာ ရှိတယ်။
လက်ရှိဆွေးနွေးပွဲဟာ အဖြေကို ရှာချင်တဲ့အနေအထားလား၊ ဆန္ဒပြပွဲအရှိန်ကို သတ်ဖို့လား အရင်သိဖို့ လိုပါ့မယ်။ ကျောင်းသားတွေက တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒပြကြတာပါ။ ပညာရေးတောင်းဆိုချက်(၁၁)ချက်ကို သဘောတူညီပေးဖို့ ဆန္ဒပြကြတာပါ။ အစိုးရကလည်း ကျောင်းသားတွေ ပေးတဲ့ ရာဇသံကို နှစ်လကြာ အံတုခဲ့ပြီးမှ အခုအချိန်မှာ ဆွေးနွေးဖို့ လက်ခံလိုက်တာဟာ အကြောင်းမဲ့ မဟုတ်လောက်ပါဘူး။ သူတို့တွက်ရေးနဲ့သူတို့ ရှိပါလိမ့်မယ်။
အလံချတဲ့ကိစ္စကို ခွင့်မလွတ်ဘူးဆိုသလို သပိတ်အဖွဲ့က ပုပ္ပါးကို ကျော်လာရင် တာဝန်မယူဘူးဆိုတဲ့ အချက်တွေကို ဆွေးနွေးလာလို့ နောက်ကြောင်းမလုံအောင် အပေါ်စီးကနေ ဆက်ဆံနေကြောင်း သိရှိနိုင်ပါတယ်။ သဘက်ခါမှာ မပြေလည်သေးတဲ့ အချက်တွေကို ဆက်ဆွေးနွေးမယ်လို့ ဆိုပါတယ်။ ဆွေးနွေးပွဲ အဝါးဝနေပြီဖြစ်တဲ့ ဦးအောင်မင်းက ဒီကိစ္စကို ကိုင်တွယ်နေတဲ့အတွက် ကျောင်းသားတွေက အင်မတန် ပါးနပ်ကြဖို့ လိုပါတယ်။ ကိုယ်တောင်းတာ မရဘဲ အစိုးရက ပေးသလိုနဲ့ ယူသွားမှ အခက်တွေ့နေမှာ စိုးရိမ်မိလို့ပါ။ အစိုးရအနေနဲ့လည်း အမျိုးသားပညာရေးမှာ အရေးပါတဲ့ ပြဿနာတွေကို မကိုင်တွယ်လိုဘဲ ဆွေးနွေးပွဲကို လုပ်ပြရုံနဲ့ ဖြစ်တည်နေတဲ့ တင်းမာမှုများကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။
အရှင်းဆုံး ပြောရရင် အစိုးရကသာ ရိုးသားမှု ရှိကြရင် သပိတ်ရပ်မရပ်ဆိုတဲ့ ကိစ္စဟာ ကျောင်းသားတို့က ဆုံးဖြတ်ရမှာ ဖြစ်ပြီး အဲဒီသပိတ်ကို ခြိမ်းခြောက်မလား၊ ဖိအားပေး ရပ်စေမလားဆိုတာ အစိုးရဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်။ သပိတ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေခဲ့ရင် သပိတ်ကို မျက်စိစပါးမွှေး စူးနေလို့ မသင့်တော်ပါဘူး။
(၂) Pyidaungsu Institute ဆွေးနွေးပွဲ
လူတွေ သတိမထားမိပေမဲ့ ဟော့ဖြစ်တဲ့ အခြားသတင်းတစ်ပုဒ် ရှိပါသေးတယ်။ အဲဒါကတော့ ချင်းမိုင်မှာ အခြေပြုတဲ့ ပြည်ထောင်စုအင်စတီကျုက KNU, UWSA, RCSS, နဲ့ MDAA လက်နက်ကိုင်အဖွဲ့ကြီး (၄)ဖွဲ့ကို ခေါ်ယူဆွေးနွေးခဲ့ခြင်းဖြစ်တယ်။ ဦးအောင်မင်းတို့ဟာ ဆန္ဒပြကျောင်းသားများကို နေပြည်တော်မှာ တွေ့တဲ့အခါ ၈၈-ကျောင်းသားခေါင်းဆောင်များကို အနားမှာ ထားသလို NCCT နဲ့ ဆွေးနွေးတဲ့အခါမှာလည်း Non-UNFC အဖွဲ့များကို နီးနီးကပ်ကပ် ထားပါတယ်။ UPWC အဖွဲ့ဟာ NCCT နဲ့ မတွေ့သေးခင် Pyidaungsu Institute ကို ခရီးတစ်ထောက် ဝင်ရောက်လေ့ရှိပါတယ်။ ဒါကို မိမိက အချိန်အတော်ကြာကြာကပဲ ဝေဖန်နေခဲ့ပါတယ်။ အခု Pyidaungsu Institute က ဟန်ညောင်ရွှေရဲ့ ယူရိုဘာမားအဖွဲ့နဲ့ ပူးပေါင်းပြီး ဆွေးနွေးပွဲကြီးတစ်ခုကို ကျင်းပခဲ့တယ်။ UNFC မှာ အင်အားမရှိဘဲ Non-UNFC တွေမှာပဲ အင်အားရှိကြောင်း အင်းစိန်မှာ ပြောဖူးတဲ့ ဟန်ညောင်ရွှေရဲ့ နိဒါန်းစကားအရ ပေါ်ထွက်လာတဲ့ ဆွေးနွေးပွဲတစ်ခုပါပဲ။
ဒီဆွေးနွေးပွဲဟာ မကြာခင်က RCSS ဥက္ကဋ္ဌ ပြောခဲ့တဲ့ စကား၊ KNU ဥက္ကဋ္ဌ ပြောခဲ့တဲ့ စကားတို့ကို ရောင်ပြန်ဟပ်စေတဲ့ ဆွေးနွေးပွဲတစ်ခုပါပဲ။ အပစ်ကို ရပ်ချင်တယ်၊ အပစ်ကို ရပ်နိုင်မှ နိုင်ငံရေးဆွေးနွေးပွဲကို လုပ်နိုင်ရမယ်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ရှိမှ လိုချင်တာ တောင်းလို့ ရမယ်လို့ အထူးယုံကြည်လျက် ရှိနေကြပါတယ်။ ဒီအဖွဲ့တွေက သွေးမထွက်တဲ့ တော်လှန်ရေးကို ဆင်နွှဲလိုကြကြောင်း လူသိရှင်ကြား ပြောနေပါတယ်။ အပစ်ရပ်မှာ မိမိတို့ လိုချင်တဲ့အချက်တွေကို တောင်းလို့ မရရင် နိုင်ငံရေးဆွေးနွေးပွဲမှာ တောင်းလို့ ရနိုင်မလားဆိုတာ မိကျောင်းမင်းတွေကို ရေခင်းပြနေဖို့ မလိုပါဘူးထင်ပါတယ်။ အထူးသဖြင့် ဖက်ဒရယ်မူကို အာမခံချက်ပေးဖို့ တောင်းဆိုနေရုံလေးပါပဲ။ ပင်လုံစာချုပ်အတိုင်း တန်းတူရေးကို လေးစားပေးဖို့ပါပဲ။ ဒါပေမဲ့ အစိုးရက အခု ကျောင်းသားတွေကို ဆွေးနွေးသလောက်တောင် မပွင့်လင်းဘဲ တပ်ရေးရာနဲ့ ပတ်သက်ပြီး ဝေ့လည်ကြောင်ပတ်လုပ်နေတာ အခုထိ မပြေလည်သေးဘူး။
UNFC က လက်မှတ်မထိုးချင်လို့ မဟုတ်ဘူး။ ဖက်ဒရယ်မူကို အစိုးရက စာချုပ်စာတမ်းနဲ့ လက်ခံပေးဖို့ တောင်းဆိုတာ ဖြစ်တယ်။ ဟန်ညောင်ရွှေ ချုပ်ကိုင်ထားတဲ့ ဒီအဖွဲ့ကြီး (၄)ဖွဲ့တို့ကလည်း ဒီအချက်ကိုပဲ အစိုးရကို တောင်းဆိုနေကြတာ ဖြစ်တယ်။ အစိုးရက ဒီအချက်ကို လက်ခံလိုက်ရင် ဘာပြဿနာမှ မရှိပါဘူး။ သွေးထွက်စရာလည်း မရှိပါဘူး။ ဘယ်သူက သွေးထွက်စေချင်မှာလဲ။
(၃) သဲကိုးဖျာ မာယာလေးဆယ်ဆွေးနွေးပွဲများ
ကျောင်းသားသပိတ်က နိုင်ငံရေးဘက် ရောက်လာမှာကို အစိုးရက တွေးပူသလို အပစ်ရပ်ပြီးရင် အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲ တန်းလုပ်နိုင်မယ်လို့ တိုင်းရင်းသားခေါင်းဆောင်အချို့က အယုံအကြည်ရှိပေမဲ့ ဖွဲ့စည်းပုံပြင်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ဘောင်အတွင်းက နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကိုကျတော့ လျစ်လျုရှုထားကြပါတယ်။ လောလောဆယ်မှာ အစိုးရက အကြပ်အတည်း တွေ့နေလို့ ရွှေမန်းတို့က (၆)ပွင့်ဆိုင်ကိုသာ မလုပ်ရင် သိန်းစိန်ကိုများ ဆွဲစိလေမလား အောက်မေ့ရပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နဖူးတိုက်ဒူးတိုက် ဆွေးနွေးရမှာ စိုးလို့ ဆင်ဝှေ့ရန်ရှောင်နေကြတဲ့ သိန်းစိန်နဲ့ မင်းအောင်လှိုင်တို့ကို မြင်အောင် မကြည့်နိုင်ကြတာကလည်း အင်မတန်မှ ညံ့ဖျင်းရာ ရောက်ပါတယ်။
ဒီအစိုးရကို ဖိအား လုံးဝမပေးဘဲ အလိုလိုက်အကြိုက်ဆောင်ပေးရုံနဲ့ စေ့စပ်ရေးစားပွဲပေါ် ရောက်အောင် ခေါ်ဖို့ မလွယ်ဘူးဆိုတာ သမ္မတသိန်းစိန်ရဲ့ (၄)နှစ်တာ သက်တမ်းမှာ တွေ့မြင်ခဲ့ရပါပြီ။ (၁၄)ပွင့်ဆိုင်ပဲပြောပြော၊ အပွင့်(၄၀)ကျော်ပဲဆိုဆို၊ ဘယ်နှစ်ပွင့်ပဲလုပ်လုပ် ဒီအစိုးရဟာ ဖိအားမရှိဘဲ မလှုပ်ပါဘူး။ ဒီအကြောင်း ရေးလို့ မိမိတို့ခေါင်းဆောင်ကို ပုတ်ခတ်တယ်လို့ မယူဆစေချင်ဘူး။ ဒီနည်း အလုပ်မဖြစ်ဘူး။ မဖြစ်ကြောင်းကိုလည်း မြင်နေရပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အင်မတန်မှ အန္တရာယ်များတဲ့ လမ်းကြောင်းမှန်း သိနေပါတယ်။ အရှင်းဆုံး မေးခွန်းကို မေးရရင် ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီကို ဖွဲ့စည်းလိုက်ပေမဲ့ ၂၀၁၅-ခုနှစ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ဖို့ သေချာသလားဆိုတာပါပဲ။
ဒါကြောင့် လက်ရှိအစိုးရနဲ့ ရင်ဆိုင်တဲ့နေရာမှာ အတိုက်အခံတွေနဲ့ ၈၈ မျိုးဆက်တွေလည်း ပေါ့ပေါ့ မတွေးမိကြဖို့ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်မရှိရင် ဒီမိုကရေစီ မဖြစ်သေးမှန်းတော့ လူတိုင်းနီးပါး သိကြပါတယ်။ စစ်တပ်က နိုင်ငံရေးထဲ ရှိနေရင် ဒီမိုကရေစီ မဟုတ်ဘူးဆိုတာကိုလည်း လူတိုင်း သိနေကြပါတယ်။ ဒါပေမဲ့ လူတိုင်း အမြင်မတူကြတာက "ဒီစစ်တပ်ဟာ သူ့အလိုလို စစ်တန်းလျားကို ပြန်မယ်၊ မပြန်ဘူး"ဆိုတဲ့ အချက်မှာပါ။ စာဖတ်သူကိုယ်တိုင်က မိမိရဲ့ ထင်မြင်ချက်နဲ့ မိမိ ရှိပါလိမ့်မယ်။
အနေရင် ခံကြရအုံးမယ်
(၁) ဒီတော့ ဆွေးနွေးပွဲတွေက ပုံစံအမျိုးမျိုးနဲ့ ရှိနေကြပေမဲ့ ဒိုင်းခံဆွေးနွေးနေသူက ဦးအောင်မင်းတို့ပဲဆိုကတည်းက ပြဿနာရဲ့ အရင်းအမြစ်က နိုင်ငံရေးပြဿနာဆိုတာ ထင်ရှားပါတယ်။ ပြဿနာလာရာအရပ်ကိုလည်း ခန့်မှန်းမိကြပါလိမ့်မယ်။ လုငယ်တွေက နည်းနည်းလှုပ်လို့ လူကြီးတွေက နည်းနည်း အသက်ရှုချောင်ရတဲ့ ဘဝ ရောက်နေပါပြီ။ ဒါကို ဝန်ခံကြစေချင်တယ်။
(၂) တိုင်းရင်းသားလူမျိုးများအားလုံးကို မြန်မာ့တပ်မတော်က တန်းတူဆက်ဆံလိုစိတ် ရှိရင်၊ ငြိမ်းချမ်းရေးကို အမှန်တကယ် ချစ်မြတ်နိုးရင် စစ်မတိုက်ဘူး၊ မုဒိမ်းကိုလည်း ကျင့်မှာ မဟုတ်ဘူး၊ မုဒိမ်းကျင့်ကြောင်း ရေးသားနေသူများကိုလည်း တရားစွဲမယ်မပြောဘူး၊ သဘောတူပြီးသားကို ပြန်မရုပ်သိမ်းဘူး။ လူမျိုးတစ်မျိုးနဲ့တစ်မျိုးကို အဆင့်အတန်းခွဲခြားပြီး မဆက်ဆံဘူး။
(၃) ဖွဲ့စည်းပုံပြင်ရေးဟာ တကယ်ပြင်ချင်ရင် (၅)နှစ်ကြာစရာ မလိုဘူး။ တကယ်ပြင်ချင်ရင် (၄)ပွင့်ဆိုင်ကို မငြင်းဘူး။ ဖွဲ့စည်းပုံကို မပြင်ဘဲ အစိုးရဖွဲ့ခဲ့ရင် ဘယ်အစိုးရပဲတက်တက် ထောက်ခံလို့ မဖြစ်ဘူး။ ဒါဟာ သဘဝကျပါတယ်။ နိုင်ငံရေးမှာ အားနာရတယ်ဆိုတာမရှိရဘူး။ ဦးနုပြည်ချစ်ပါတီက တရားလိုက်စားလို့ နေဝင်းက စားသွားတယ်။ ဒီဘက်ခေတ်မှာလည်း မိမိတို့မူဝါဒ ပျော့ပျောင်းလွန်းလို့ သိန်းစိန် စားသွားတာ မမြင်ချင်ဘူး။
တစ်ပါတီအာဏာရှင်စနစ်ကို စတင်တိုက်ခိုက်လာခဲ့ကြတည်းက အားလုံးဟာ နိုင်ငံရေးသမားတွေပဲ။
အားလုံးဟာ အောင်ဆန်းမျိုးဆက်တွေပဲ။
ကျောင်းသားတွေလည်း နိုင်ငံရေးသမားပဲ။
တိုင်းရင်းသားတွေလည်း နိုင်ငံရေးသမားပဲ။
ပြည်သူတို့အားလုံးဟာလည်းပဲ နိုင်ငံရေးသမားတွေပဲ။
အားလုံးဟာ နိုင်ငံရေးသတ္တဝါတွေပဲ။
နိုင်ငံရေးသမားဆိုတာ နိုင်ငံရေးသမားပီသရမယ်။
နိုင်ငံရေးသမားဆိုရင် မိမိတို့တိုက်နေတဲ့ တိုက်ပွဲကို တိုက်နေရင်းနဲ့ လမ်းမပျောက်ရဘူး။
မိမိတို့တိုက်လာတဲ့ တိုက်ပွဲကို မေ့နေမှာစိုးလို့ ဦးနေဝင်းမိသားစုပုံကို တင်ပေးလိုက်တယ်၊ ဘယ်သူမဆို ဦးနေဝင်းဝါဒကို လက်ခံကြသေးရင် ပြည်သူတို့ရဲ့ ရန်သူသာ ဖြစ်တယ်၊ ၁၉၆၂ -ခုနှစ်ကတည်းက တိုက်လာခဲ့တဲ့ တိုက်ပွဲ ဆုံးခန်းမတိုင်သေးဘူး၊
ပင်လုံ အသက်မဝင်သေးသရွေ့
စစ်တပ် စစ်တန်းလျား မပြန်သေးသရွေ့
အောင်ဆန်းမျိုးဆက်တွေက နေဝင်းမျိုးဆက်တွေကို ခုထိ ရှုံးနိမ့်နေတုန်းလို့ ပြောရပါလိမ့်မယ်။

No comments:
Post a Comment