Saturday, December 28, 2024

ထွက်ပြေးသွားသည့် ဗိုလ်မှူးချုပ်သူရိန်ထွန်းကို AA ဖမ်းဆီးရမိ

ပုံအညွှန်း-ဗိုလ်မှူးချုပ်သူရိန်ထွန်း ဓါတု မဇ္ဈိမ။ ။ရခိုင်ပြည်နယ်၊ မောင်တော နယ်ခြားစောင့်တပ်ခွဲ-နခခ(၅)ကို သိမ်းပိုက်ပြီးနောက် ထွက်ပြေး သွားသည့် စကခ(၁၅)တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းကို အရှင်ဖမ်းဆီးရမိကြောင်း AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ “မနေ့က ဗိုလ်မှူးချုပ်သူရိန်ထွန်းနဲ့အတူ မွတ်စလင်လက်နက်ကိုင်တွေရော အကုန်ဖမ်းမိတယ်။ မောင် တော ကျီးကန်ပြင်ဘက်မှာ သီဟိုဠ်ခြံရှိတယ်။ အဲဒီမှာ လက်ရဖမ်းမိတယ်” ဟု ၎င်းက ဆိုသည်။ ယမန်နေ့(ဒီဇင်ဘာ ၈ ရက်) နံနက်ပိုင်းက အာရက္ခတပ်တော်(AA)က နခခ(၅)တခုလုံးကို အပြီးသတ်သိမ်း ပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်စဉ် အဆိုပါတပ်မမှူးနှင့်အတူ ၈၀ ဝန်းကျင်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။ စကခ(၁၅)တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် နခခ(၅)ကိုကွပ်ကဲနေသူဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ကတည်းက စခန်းမှလက်အောက်ငယ်သားများကိုထားခဲ့ကာ အခြားတနေရာကို ထွက်ပြေးပုန်းရှောင်နေ ခြင်းဖြစ်သည်။ ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် နခခ(၅) AA လက်ထဲသို့မကျရောက်စဥ်က လက်အောက်ငယ်သားများ စခန်း မှထွက်ပြေးပါက အသေပစ်သတ်ရန် အချင်းချင်းကို ပစ်မိန့်ပေးထားကြောင်း တပ်တွင်းနီးစပ်သူထံက သိရ သည်။ ၎င်းသည် ဒီဇင်ဘာလ ၈ ရက် ညနေခင်းတွင် ARSA ၊ RSO ၊ ARA လက်နက်ကိုင်များနှင့်အတူပူးပေါင်းကာ နတ်မြစ်တဖက်ကမ်းသို့ထွက်ခွာရန်ကြိုးပမ်းနေစဥ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ် များကဆိုသည်။ “ဗိုလ်မှူးချုပ်သူရိန်ထွန်းက အရင်ကလည်း ကျောက်တော် တင်းမရွာသား ၁၆ ယောက်ကို သတ်ပစ်ခဲ့သူ ဖြစ်တယ်။ ရခိုင်ပြည်သူလူထုကို စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တာကို ကျွန်တော်တို့ကြားသိရပါတယ်”ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအသင်း၏ဒါရိုက်တာ ဦးမြတ်ထွန်းက မဇ္စျိမကိုပြောသည်။ ဗိုလ်မှူးချုပ်သူရိန်ထွန်းကိုဖမ်းဆီးရမိသည့်သတင်းမှာမှန်ကန်ကြောင်း ဦးမြတ်ထွန်းကလည်း အတည်ပြု သည်။ ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ၂၀၁၈ မှ ၂၀၂၀ ခုနှစ်အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခတ်မြို့၏ စစ်ဗျူ ဟာမှူးဖြစ်ပြီး စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်း ဦးစီးအဖြစ် တာဝန်ယူခဲ့သည်။ ယင်းနောက် ၂၀၂၂ အောက်တိုဘာလမှစ၍ မောင်တော နခခ(၅)တွင် စကခ(၁၅)တပ်မမှူးအဖြစ် တာဝန် ယူ ကွပ်ကဲနေခြင်းဖြစ်သည်။ ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ရခိုင်ပြည်နယ်စပ်ဒေသတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖန်တီးနေသည့် အပြင် အရပ်သားပြည်သူများအား ပစ်သတ်ရန်ဆောင်ရွက်နေခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေ သူဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်သော မောင်တောမြို့တွင် နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်သော နခခ(၅) ကို ဒီဇင်ဘာလ ၈ ရက် နံနက်တွင် အပြီးသတ်ချေမှူန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ ARSA ၊ RSO ၊ ARA လက်နက်ကိုင်များ ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ် နတ်မြစ်တလျှောက် ထွက်ပြေးရန် ကြိုးစားနေခြင်းကြောင့် ပြည်သူများလုံခြုံရေးအတွက် နတ်မြစ်(ရခိုင်ရေပိုင်နက်)အတွင်း ရေကြောင်းခရီး သွားလာမှုကို ဒီဇင်ဘာလ ၈ ရက် ညနေ ၃ နာရီ မိနစ် ၃၀ မှစ၍ အကန့်အသတ်မရှိပိတ်ပင်တားမြစ်လိုက်ကြောင်း AA က သတင်းထုတ်ပြန်ထားသည်။ လက်ရှိတွင် အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့်မြို့များမှာ ချင်း-ရခိုင်နယ်စပ် ပလက်ဝမြို့နှင့် ရခိုင်ရှိ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲနှင့် မောင်တောမြို့တို့ဖြစ်သည်။ စာတည်း။ ။စောဖေ Tagged နခခ(၅), ဗိုလ်မှူးချုပ်သူရိန်ထွန်း, မောင်တောမြို့, ရခိုင်ပြည်နယ်, အာရက္ခတပ်တော်(AA)

No comments:

Post a Comment