Saturday, December 28, 2024

ရန်ကုန်တွင် တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သော ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်း မံစီမြို့တိုက်ပွဲတွင် သေဆုံး

ရန်ကုန်တွင် တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သော ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်း မံစီမြို့တိုက်ပွဲတွင် သေဆုံး ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရန်ကုန်မြို့တွင် တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သော ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်းသည် ကချင်ပြည်နယ်၊ မံစီမြို့တိုက်ပွဲတွင် သေဆုံးသွားကြောင်း သေဆုံးသူ ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်း မိသားစုနှင့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့ ကချင်ပြည်နယ်၊ မံစီမြို့တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက မံစီမြို့ကို တိုက်ခိုက် သိမ်းပိုက်နေစဉ် တပ်မ ၈၈ ၏ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်းသည် တိုက်ပွဲအတွင်းသေဆုံးသွားခြင်းဖြစ်ကြောင်း၊ မိသားစုက ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီအချိန် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ နေအိမ်တွင် ရက်လည် ဆွမ်းသွပ်တရားနာပြုလုပ်ပြီးဖြစ်ကြောင်း သိရှိရသည်။ ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်းသည် စစ်တက္ကသိုလ်အပတ်စဉ် ၄၄ သင်တန်းဆင်းဖြစ်ကာ သေဆုံးချိန်တွင် ဇနီး ဒေါ်စိုးစိုးထွေးနှင့် သား တစ်ဦးကျန်ရစ်ကြောင်း၊ မံစံမြို့သို့ မပြောင်းရွှေ့ခင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် စစ်ဦးစီးပထမတန်း (G1) ဒုတိယဗိုလ်မှူးကြီး ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ၂၀၂၃ ခုနှစ်အထိ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းတို့ကို ကိုင်တွယ်ခဲ့ရကြောင်း၊ ထိုကာလ ရန်ကုန်ရှိ တော်လှန်ရေးရဲဘော်များကို ဖမ်းဆီး သတ်ဖြတ်ရာတွင် ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်းက အဓိက ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။ “အရင်က ရန်ကုန်မှာ G1 အနေနဲ့ တာဝန်ကျဖူးတယ်။ မြောက်ဒဂုံနဲ့အရှေ့ဒဂုံကို ကိုင်ရတာ။ ၂၀၂၂ ကနေ ၂၀၂၃ အထိပေါ့။ ပြီးတော့ ဖြူးဘက်ပြောင်းသွားတယ်။ ပြီးမှ ဗျူဟာမှူးရာထူးတိုးပြီး မံစီရောက်သွားတာ။ ရန်ကုန်မှာ တော်လှန်ရေးရဲဘော်တွေကို သူ့နယ်မဟုတ်ဘဲ နယ်ကျော်ဖမ်းတာ” ဟု သေဆုံးသူ ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်း မိသားစုနှင့်နီးစပ်သော သတင်းရင်းမြစ်က ရှင်းပြသည်။ ရန်ကုန်တွင် တာဝန်ကျခဲ့စဉ်က မြေကွက်များကို ပွဲစားလုပ် ရောင်းချရာမှ ငွေကြေး ချမ်းသာသွားပြီး မြေကွက်အရောင်းအဝယ် အရှုပ်အရှင်းများစွာ ဖြစ်ပေါ်ခဲ့သော်လည်း ရှင်းမပေးခဲ့ဘဲ ရာထူးတိုး ပြောင်းရွှေ့သွားခဲ့ကြောင်း၊ ဗိုလ်မှူးကြီး အောင်ချမ်းငြိမ်းသည် ဥသျှစ်ပင်မြို့၊ ပြည်တော်သာရပ်ကွက် ဇာတိဖြစ်ပြီး မိဘများမှာ ဦတင့်ဆွေနှင့် ဒေါ်မြင့်မြင့်ဆွေဖြစ်ကြောင်း ၎င်းဖခင် ဦးတင့်ဆွေမှာ ယခုနှစ် ဇန်နဝါရီတွင် အူမကြီးကင်ဆာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment