Monday, April 28, 2014
သမတကြီး ဦးသိန်းစိန် နှင့် ယနေ့  အစိုးရ ၏ မေတ္တာ စေတနာ။
ကျွှန်တော်သည် အင်တာနက်တွင် ဖတ်စရာ စာအုပ်စာပေ ရှာဖွေရင်း (ဦး)ကျော်မြသန်းရေး သည့် “သာယာဝတီ ထောင်မှ ငရဲခန်းများ” အမည်ဖြင့် စာအုပ်တအုပ်ကို တွေ့  ၍ ဖတ်ဖြစ်ပါသည်။ ဤစာအုပ်ကို ယခင်က စာရေးသူ မတွေ့ ဖူး မဖတ်ဖူးခဲ့သည်ကို ဝန်ခံရပါမည်။ ဤစာအုပ်ကို ဖတ်မိကာမှ သမတကြီး ဦးသိန်းစိန် နှင့် ယနေ့  အစိုးရ၏ မေတ္တာ စေတနာ ကို ပို၍ သိလာပြီး ပို၍ ကျေးဇူး ဥပကာရ တင်မိပါ၏။
စာရှုသူ လူကြီးမင်းများ ဖတ်နိုင်ပါရန် လင့်ခ ကို ဖော်ပြပါသည်။ စာရှုသူတို့ ဖတ်ပြီး ဖဆပလ ဒီမိုကရေစီ အစိုးရ၏ ကျိုးပမ်းဆောင်ရွက်ချက်များ၊ မည်သူ့ အတွက်၊ မည်သည့်နိုင်ငံ အစိုးရများ အတွက် ဆောင်ရွက်ခဲ့  ကြသလဲ ဆိုတာဝေဖန်ပိုင်းခြားကြပါ။ 
Sunday, April 27, 2014
ယွန်းလုနွေဆန်း- အခန်းဆက်ဝတ္တုရှည်။
ရေးသူ မင်းညို  စက်မှု တက္ကသိုလ်။
စီစဉ်သူ ကုလားမင်းသား စရကား။
{Photo Source: Courtesy of Google}
ထန်းယဉ်နင်း
ပေါက်ကင်းတဲ့လဲငုံ
ဆက်ရက်ကယ် သာကာနှင့်
ရော်ရွက်ဝါ တမာနု
လွမ်းသူ့ ပူပုံ
စရိုက်ကယ်လှုံ
ပင်မြုံ မြင့် သိုက်နန်း
ထွက်စီးငယ်ဝှန်
ကျောက်စက်ကယ် ရေတံခွန်နှင့်
ဟေမဝန် သာယာနုပါဘိ
ယွန်းလုနွေဆန်း။
(ဦးကြင်ဥ ၏ ပဒေသာသီချင်းများ  တပို့တွဲလဖွဲ.မှ)
                                                  အခန်း (၁)
   မျိုးအောင်သည် ရမည်းသင်းမြို့ လယ်၊ ဝါတိုးဈေးကုန်းရပ်၊ ဦးမင်းနိုင်လမ်းမှာ နေထိုင်၏။ ချစ်ရသူ မမဝင်း ကတော့ မြို့ အရှေ့ တောင်ပိုင်း ရှိ ကြည်တော်ကုန်း ရပ်ကွက်တွင်နေသည်။ သူသည် မမဝင်း ချိန်းထားသည့်အတိုင်း အချိန်မီ ရောက်အောင် အိမ်မှ ထွက်ခဲ့၏။ ဓားလွယ်ခုတ်ရှိ လမ်းကြားထဲမှ ဖြတ် ၍ လျှောက်လာခဲ့ရာ၊  စည်ပင်သာယာလမ်းပေါ် သို့  ၅ မိနစ်ကျော်ကျော် နှင့် ရောက်လာခဲ့၏။ လမ်းကိုဖြတ်ကူးပြီး၊ သီလရှင်ကျောင်းဘေး လမ်းကြားထဲသို့ သူဝင်လာခဲ့၏။  သီလရှင်ကျောင်းသည် ရန်အောင်မြင်ဘုရားနောက်ဘက်၊ မြောက်ဘက်တွင်ရှိ၏။ ဘုရား၏ တောင်ဘက် မျက်နှာချင်း ဆိုင်တွင် ဈေးကွင်း  ကြီးနှင့်၊ ရမည်းသင်းဈေးကြီး ရှိ၏။ ဈေးကွင်းကြီးမှာ ဘုံကထိန်ခင်းလည်းသည်မှာ၊ ဇာတ်ပွဲ၊ အငြိမ့်ပွဲများခင်း လည်းသည်မှာ၊ ဘတ်စကက်ဘောကွင်းလည်းသည်မှာဖြစ်၏။ ဈေးကြီးတည်ဆောက်ထား ပုံမှာ လေးထောင့်စပ်စပ်ကျ ပြီး ဈေးအတွင်း မှာ သန့် ရှင်း သပ်ရပ်၏။ ဗြိတိသျှ နယ်ချဲ့ ခေတ်ကတည်းက ခရိုင်မြို့ ကြီးဖြစ်ခဲ့သည်ကော။     ဘုရားနှင့်တည့်တည့် မျက်နှာချင်းဆိုင်မှာ “ဆန်းသစ်ကဖေး” နှင့် “ရွှေဗမာ ကဖီး” တို့ ရှိ၏။ နှစ်ဆိုင်လုံး၏ ပိုင်ရှင်များမှာ ပေါက်ဖော်များဖြစ်၏။ “ဆန်းသစ်ကဖေး” ကို ပိုင်ရှင် ဦးဘွန်ကူး ကို အစွဲပြု ၍ ဘွန်ကူးဆိုင်ဟုသာ ခေါ်ကြ၏။ ဦးဘွန်ကူးသည် မျိုးအောင်တို့  အိမ်ညာဘက်တွင်နေခဲ့ပြီး သမီး ကောက်ပို့  နှင့် သား များ ပို့ ဝမ်၊ ပို့ တယုံ နှင့် ဗုစုခရု ကလေးတော်တော်များရှိ၏။
မျိုးအောင်  သည်နေရာ တဝိုက်ကို နှံ့စပ်၏။ မမဝင်းက ချိန်းဆိုထား   သူလာခဲ့ခြင်းဖြစ်သည်။ အခုတလော မမဝင်း ဘာဖြစ်သည် မသိ၊ သူ့ကို မကြာခဏ ခေါ်တတ် ချိန်းတတ်နေသည်။ ဘာများ ဆုံးမ သြဝါဒ ပေးအုံးမလို့ဘာလိမ့် ဟု သူစဉ်းစားတွေးတော မရဘဲရှိသည်။ သိတ်မစောင့်လိုက်ရပါ မိန်းမစီး ရာလေးစက်ဘီးကို စီးလျှက် မမဝင်း ရောက်လာ၏။ သူ့အနားမရောက်မီ စက်ဘီးပေါ်မှဆင်းစက်ဘီးကိုတွန်းကာ မမဝင်းလျှောက်လာ၏။ အနားရောက်လျှင်ရောက်ချင်း
‘မောင် ဘက်တွေလျှောက်သွားနေတာလဲ.. ပြောစရာရှိလို့ ရှာရင်လည်းမတွေ့ ..ဖိုးဆွေကို     မေးတော့လည်း မတွေ့ဘူးလို့ပြောတော့.. စိတ်ပူလာတယ်။ ကိုယ်တော်ချောက ဘယ်သွား သဝေထိုးပီး ဘာတွေလုပ်နေတာလဲ’ ဟုမေး၏။ မျိုးအောင်က
‘မောင် ဘယ်မှ မသွားပါဘူး  အိမ်မှာဘဲရှိတယ် မမဝင်း အိမ်ကိုလာရင် တွေ့မှာပေါ့။’  ရီရီဝင်း က
‘မောင် အရင်လိုမဟုတ်တော့ဘူး ညာတတ်နေပြီပေါ့။ အိမ်ကိုလာတယ် ကြီးကြီးနှင့် တွေ့တယ်။ တဖက်ခြံက ဘိုမနှင့်လည်းမှာ ခဲ့သေးတယ်။ ကဲ ဘာပြောအုံး မလဲ။’
‘မမဝင်းက မောင့်ကို အိမ်မှာဘဲ ရှိနေစေချင်တာ လား။ မောင်ဘယ်မှ မသွားရဘူးလို့ ချုပ်ချယ်နေတာလား ပြောပါအုံး။’ ပြန်မေးလျှင်
‘ပွင့်ပွင့်လင်းလင်း ဘဲ ပြောတော့မယ် ကွာ။ မောင် ဘောက်ဇင်လက်ဝှေ့ ထိုးမှာကို ဦးလေးကလည်း သဘောမတူဘူး တဲ့။ အဲ့ဒါ မောင်က ဇွတ်တရွတ် လုပ်နေတယ် တဲ့။ အဲ့ဒါ ဟုတ်လား’ ရီရီဝင်း က မေး၏။
မျိုးအောင်က အဖြေမပေးဘဲ ‘မမဝင်း ကို ဘယ်သူ ပြောလဲ’ ဟုပြန်မေး၏။
‘မမဝင်းမေးတာကို မောင် မဖြေသေးဘူး နော်။’ ဟု ထပ်ပြောလိုက်လျှင် မျိုးအောင်က
‘ဟုတ်တယ် မမဝင်း … မောင် ဘောက်ဇင် ထိုးဘို့ လေ့ကျင့် နေတယ်၊ ပွဲဝင် ထိုးဖို့လည်း သိတ်မလိုတော့ဘူး။ မမဝင်း လာကြည့်မယ် ဟုတ်လား။’
‘မောင့် ဖေဖေက မလုပ်စေချင်ဘူး  ဆိုလျက်နှင့် ရှေ့တိုးမယ်ဆိုရင် မကောင်းဘူး ထင်တယ်ကွယ်။’
‘ဘောက်ဇင် လည်း အားကစားတခုပါ။ မမဝင်းလည်း အားကစားသမားတယောက်ဘဲ .. မတားစေချင်ဘူး။’ ဟု မျိုးအောင် ပြော၏။
‘မောင့်ကို မမက မတားပါဘူး၊ မမသိတယ်လေ..မောင်က ပိတောက်ရိပ်ဝယ် ဇာတ်ကား ကိုကြည့် ဝင်းဦးကို အားကြပြီး ဟီးရိုးလုပ် ချင်နေတယ် ပေါ့။ ဒါပေမဲ့ ဦးလေးက မှ မလုပ်စေချင်တာ၊ မောင် ဇွတ်မလုပ်သင့်ဘူးပေါ့ ကွာ။ တခြား အားကစားတွေရှိသားနဲ့။’ မျိုးအောင်က
‘မမဝင်းလည်း ကိုယ်ချင်းစာ နားလည်နိုင်မှာပါ  ဆရာ ကိုတင်မောင်ကြီးနဲ့ လေကျင့်နေတာ ကြာပြီ၊ အခု ပွဲထိုးခါနီးမှ၊ မထိုးတော့ဘူးပြောရင် သူရဲဘောနည်းလို့ ကြောက်လို့ ထင်ကြမှာပေါ့၊ ရှက်စရာ သိတ်ကောင်းတယ်။’ ရီရီဝင်း သည် သူ့ စကားကို နားထောင်ပြီး စဉ်းစားကြည့်၏။ မျိုးအောင်မှန် သည်ဟု ထင်၏။ သို့သော် အဖေက ခွင့်မပြုသည့် ဒီအားကစားနည်းကို မှ မျိုးအောင် ဘာလို့ ဇွတ်လုပ်ချင်တာလဲ။ မ ကောင်းပါဘူး မောင်ရယ်ဟု စိတ်ထဲ မှ ပြောမိ၏။ သို့သော် ရီရီဝင်းသည် မျိုးအောင်ကို အတင်းအကြပ်မပြောလို။
‘နေပါအုံးမောင်  ပြိုင်ပွဲမှာ မောင်က ဘယ်သူနှင့် ယှဉ်ထိုးရ မှာလဲ သိပြီလား။’
‘မသိသေးဘူး မမဝင်း နီလုံးနှင့်တော့ ကိုယ်အလေးချိန် မတူ ဝိတ်တန်းမတူလို့မကျနိုင်ဘူး။ မောင်က သူနဲ့ထိုးချင်တာ။’ ရီရီဝင်းက
‘မောင့်မှာ  အာဃာတတွေ အညှိုးတွေ ရှိနေတာ မမဝင်း သဘောမကျဘူးကွာ။ အားကစား သမားဆိုတာ သဘောထားကြီးရတယ်။ တို့ရဲ့ မီတာ ၁၀၀  ချန်ပီယံ ပုလဲနက်ကို အနိုင်ယူ သွားလို့ နီလုံးကို အခုမကြေမနပ် ဖြစ်နေတာ မဟုတ်လား။’ ဟုမေး၏။ နီလုံး မှာ ပျဉ်းမနားမြို့ က လက်ဝှေ့  ကမားတဦး ဖြစ်ပြီး၊ သူက ပြေး ခုံ ပစ် တွင် မီတာ ၁၀၀ လည်းပြေး၏။ ပျဉ်းမနားမြို့ မှာ ရမည်းသင်း ခရိုင် အတွင်းမှာ ပါ   ရမည်းသင်းတောင်ဘက် ၅၄ မိုင် ခန့် တွင် တည်ရှိပါသည်။
‘ဟုတ်တယ်လေ သူက ညစ်သွားတာ ကို။ အဲ့ဒါ ကျေနပ်စရာမှ မဟုတ်တာ။’ ဟု မျိုးအောင် ဒေါသ သံပါသွား၏။’  ရီရီဝင်းက မျိုးအောင် စိတ် အာရုံကို ပြောင်းလို သဖြင့်
‘လာပါမောင် တို့ ဟူးကြော် သွားစားရအောင်… မောင်နင်းလေ ရော့။’ ဟုဆိုကာ စက်ဘီးလက်ကိုင်ကို မျိုးအောင်ဘက်သို့ လှည့်ပေးလိုက်၏။ မျိုးအောင် ငယ်စဉ်က ရီရီဝင်း စက်ဘီး နောက်က ထိုင်စီး တတ်ခဲ့၏။ အခုတော့ သူနင်းရမှ ကျေနပ်သဖြင့် ရီရီဝင်း က သူ့ကိုနင်းခိုင်းခြင်းဖြစ်သည်။ မျိုးအောင် တို့  ဟူးကြော်ကြိက်၏။ မမဝင်း နှင့် စက်ဘီးစီးကာ သွားရ သည်ကိုလည်း ပျော်၏။ ရီရီဝင်း နှင့်သူတို့နှစ်ဦး  အခုလို တပူးတွဲတွဲ အတူနေခဲ့သည်မှာ ကြာပြီ။ သူတို့ ၅ တန်း ကထဲက ဖြစ်၏။မျိုးအောင် သည် စာတော်၏။ အတန်းထဲမှာ ပထမ နေရာ ကို အမြဲရ၏။ သင်္ချာ နှင့် သိပ်ပံ ဘာသာရပ်များတွင် ထူးချွှန်သဖြင့် ရီရီဝင်း သူကို အားကိုးရ၏။ ရီရီဝင်း မှာတည်ငြိမ် အေးဆေးပြီး ရည်းစားသနာ မထားတတ်ခြင်း၊ သူုကိုကြိုက်သူ ကာလသားများက ချဉ်းကပ်ကြစေကာမူ သူက မတုန်မလှုပ်ခြင်းကို မိဘများကလည်း သိ၏။ မျိုးအောင်မှာ မဟုတ်မခံ သတ္တိလည်းရှိ ၊ ရီရီဝင်း နှင့် မောင်ချစ်နှမချစ် ၅၂၈ သွယ် မေတ္တာဖြင့်သည သံယောဇဉ် ဖြစ်နေသူ ဟု နှစ်ဖက် မိဘများက နားလည် လက်ခံထားသည်။ သို့ဖြစ် ၍ လည်း ရီရီဝင်း နှင့် မျိုးအောင် တို့ကို နှစ်ဖက် မိဘများက၊ ယခုလို အတူသွား အတူလာ နေကြတာကို ခွင့်ပြုထားခြင်း ဖြစ်၏။ ရီရီဝင်း သည် တယောက်တည်း အဖော်မဲ့သော မျိုးအောင်ကို အစ်မရင်း တဦး ပမာ၊ ကရုဏာ မေတ္တာထားခဲ့၏။ မျိုးအောင်ကလည်း ငယ်စဉ်က  ရီရီဝင်း ကို မမဝင်း အဖြစ် အစ်မတဦးလို သာ ခင်မင်ခဲ့ခြင်းဖြစ်သည်။ နောင်တော့ လူငယ်တို့ ဘာသာဘာဝ ဝတ္တုများ၊ အထူးသဖြင့် ဆရာအောင်လင်း ၏ “ဗေဒါ” နှင့် “မောင့်မမငြိမ်း” ၊ ဆရာ တက္ကသိုလ် ဘုန်းနိုင်၏ “ကမ္ဘာကုန်ကျယ်သ၍ဝယ်  နှင့် “သူငယ်ချင်းလို့ဘဲ ဆက် ၍ ခေါ်မည် ခိုင်” စသည့် အချစ်ဇာတ်လမ်း များဖြစ်၏။ ဤအချစ်ဇာတ်လမ်းများကို ဖတ်ပြီး မျိုးအောင် စိတ်မှာ တနေ့တခြားပိုလို့သာ လှပဖွံ့ဖြိုးလာသော မမဝင်းကို ရယူပိုင်ဆိုင်ချင်သည့် ကိလေသာ နှောသည့် အချစ် များတိုးပွားလာခဲ့သည်။ ရီရီဝင်းက လည်း  ဘိုင်စကုတ် မင်းသမီး ဒေစီကျော်ဝင်းကဲ့သို့ ကျစ်လျစ်တင့်တယ် သည်ဟု မျိုးအောင် ထင်၏။ သို့ဖြင့် စိတ်ရိုင်းကလေးများဝင်ကာ မျိုးအောင်၏ နှလုံးသားကန်ရေပြင်တွင်၊ ခံစားမှု လှိုင်းဂယက်လေးများ လှုပ်ထသည့်ကြားမှ ၁၅၀၀ မေတ္တာ ရွှေကြာပင်သည် ရှင်သန်ကြီးထွား ပွင့်လန်းလာခဲ့၏။ရီရီဝင်း စကား ဆက် ပြောသည်။
‘မောင်က စိတ်ရင်းကောင်းတယ်။ စာလည်းတော်တယ်။ အဲ့ဒီလို ဒေါသစိတ်လေးတွေကို ဖြောက်လိုက်နိုင်ရင် ယောက်ျားကောင်း တယောက်ဖြစ်မှာ…. မမဝင်းပြောတာကို မောင်သေသေချာချာစဉ်းစားပြီးမှ လက်ခံ သင့်တယ်ထင်ရင် လက်ခံပေါ့။ မမဝင်းပြော သမျှ မောင် နားထောင်ရမယ်လို့ မမ ဇွတ်မပြော ခဲ့ ဖူးဘူး မဟုတ်လား။’
မျိုးအောင်သည် ရီရီဝင်း စကားကိုကြား၏။ သို့သော် လေဆန် တောင်အရပ်ကို ဦးတည် နင်းနေရသဖြင့် စကား ရုတ်တရက် ပြန်မပြောနိုင် ဘဲဖြစ်နေသည်။
‘မောင် မောနေပြီလား  ဒါဆို မမဝင်း တလှည့်နင်းမယ်လေ။’
မျိုးအောင် နည်းနည်းရှက်သွား၏။
‘မဟုတ်ပါဘူး မမဝင်း မောင် စက်ဘီး နောက်ထိုင်ခုံမှာ တင်နင်းရတာကို သိပ်ကျင့်သား မရသေးလို့ပါ။’
ရီရီဝင်း က အသံလွင်လွင်ကလေးဖြင့် ရယ်လိုက်ရင်း ‘မောင်က ကျလည်းကျတယ်ကွာ … ရှေ့ကပဲ တင်တင်၊ နောက်ကပဲတင်တင် မမကိုယ်အလေးချိန်က ဒီအတိုင်းပဲ မဟုတ်လား။ ရူပဗေဒ ဆရာကြီး ရယ်။’
မျိုးအောင်သည် ရီရီဝင်း စကားမှန်နေ ၍  စောဒက မတက်နိုင်ပေ။ သို့သော် အလျှော့ ပေးလို စိတ်လည်း မရှိ။
‘ဒီလိုပြောလည်း ရပါတယ် မမဝင်း၊ မောင် ယောက်ျားစီး ဘားတန်းနှင့် တစီးယူလာပြီး မမကိုရှေ့ မှာတင် နင်းကြည့်ပါမယ်။ ဘယ့်နှယ်လဲ မမဝင်း ’ သူက ကလေးဆိုးလို စိမ်ခေါ် သလိုမေးလိုက်၏။ ရီရီဝင်း သည် အခုနှစ် အတွင်း ဖွံထွားလာသော မျိုးအောင် နောက်ကျောပြင်ကို ကြည့်လျက်
‘မောင်က body building လုပ်တော့ ဗလကြီး ပြီး ကိုယ်ခန္တာ ထွားလာတယ်။ ကိုယ့်အလေးချိန် ကို သယ်နေရတာနှင့် ဝန်ပိုကို မသယ်နိုင်တာများ ဖြစ်နေမလားကွယ်။’ ဟု ဆက် ၍ နောက်ပြောင်ကြည်စယ်လိုက်၏။
‘မမ တနေ့တော့ မောင်ကို နားလည် လာမှာပါ။ အခုတော့ မမဝင်းပြောသမျှပေါ့။ မောင် အရှုံးပေးပါတယ်။’
ထိုအခါ ရီရီဝင်း က နောက်မှနေ ၍ မျိုးအောင်၏ ဘယ်ဘက် ပုခုံးကို သူ့ ဘယ်ဘက်လက်ဖျားလေးများ နှင့် ကုတ်တွယ်လိုက်ရင်း ‘ဒေါသ ကုမ္မာ ဆိုတဲ့ အတိုင်း မောင်က ဒေါသချည့်ပဲ။ မမက မောင့်ကို ချစ်လို့  စတာကို စိတ်ဆိုးရ သလား။’  ဟုမေး၏။ မျိုးအောင်သည် မမဝင်း ၏ စကားများ အနက် သည် တခွန်းကို အကြိုက်ဆုံးဖြစ်၏။ သို့သော်လည်း ‘မမဝင်း ကို မောင်ကလည်း ချစ်တာ ပါ ဘဲ။’ ဟု စိတ်ထဲမှသာ ပြောလိုက်၏။ နှုတ်မှမူ ပြောရဲခြင်း မရှိ။ ဘာလို့ကြောက်နေသလဲ။ ဘာကိုကြောက်နေသလဲ ဆိုတာ သူ ကိုယ်တိုင်လည်း မသိပေ။ နှုတ်မှ အသံထွက် ၍ မူ
‘မမဝင်း စကားကို မောင့်ရင်ထဲမှာ သိမ်းထားလိုက်ပြီနော်… နောင်တော့မှ ပြန်လိုချင်လို့ မရတော့ဘူး။  ဒီစကားလေ ထဲ ပျံဝဲမသွား နိုင်ခင် မောင်ဖမ်း ပြီး မောင့်ရင်ထမှာ သိမ်းထားလိုက်ပြီ။’ ပြောလိုက်၏။ ပြောပြီးမှ သူ့ အပြောလွန်သွား သလား။ မမဝင်း စိတ်ဆိုးသွားပြီ လား ဟုတွေးကာ စိုးရိမ်မိ၏။ ရီရီဝင်းက သူ့ မသိစိတ် မှ မသိလိုက် မသိဘာသာ ပြောလိုက် မိသည့် စကား အတွက် ဖြေ ၍ပြောရ၏။
‘မောင့်ကို မမရဲ့မောင်လေး အရင်းတယောက်လို ၅၂၈ သွယ် မေတ္တာနဲ့ ချစ်ခဲ့တာ ကြာပြီဘဲ။ မောင်က အခုမှ ဘာ အဆန်းလုပ်ရ ပြန်တာလဲ ကွာ။ ‘ ဟု ပြောလိုက်လျှင်၊
မျိုးအောင် စိတ်ထဲမှာ ‘သေဟ နန္ဒိယ မျိုးအောင်’ လို့ ရေရွတ်လိုက်မိ၏။ ဘာမျှမပြောနိုင်ဘဲ ငြိမ်ကျသွား၏။ စက်ဘီးစီး ရ သည်မှာ ကျောက်လမ်းပေါ် ဖြစ် ၍ နင်းရသူကော နောက်က ထိုင်စီးရသူ အတွက်ပါ သက်သောင့်သက်သာ မရှိပါချေ။ ‘အောင် ဓါတ်ပုံတိုက် ကို ကျော်လာပြီ မို့ ကန်သစ်အနီးသို့ ရောက်လာပေပြီ။ မျိုးအောင်သည် ဗမာ့ရုဏ်ရောင်ရုပ်ရှင်ရုံ ကျော်ပြီး မီးသတ်ဟောင်း ထောင့်မှာ သီလဝ လမ်း ထဲသို့ ချိုးကွေ့ ပြီးနင်း ရင် ကတ္တရာ လမ်းပေါ်မှာ သက်သောင့်သက်သာ ဖြစ်ပေမည်။ စကားတပြောပြောနှင့် သူ ရှေ့တူရူ သို့ နင်းခဲ့ခြင်းဖြစ်ပေသည်။ အပြစ်တင်သလို ဖြစ်မည်မို့ ရီရီဝင်း ဘာမျှမပြောခဲ့တော့။ နောက် ၅ မိနစ်ခန့် အကြာမှာ သူတို့ ကန်သစ်မရောက် ခင် မင်းနန်သူ ဘုရားအနီးမှ အကြော်ဆိုင်လေး သို့ရောက်ခဲ့ကြ၏။
ရီရီဝင်းက စက်ဘီးပေါ်မှ ဖြည်းညှင်းစွာ ဆင်းလိုက်ပြီး အကြော်ဆိုင် လေးရှိ စားပွဲပုလေး တလုံးတွင် နေရာယူလိုက်ပြီး မျိုးအောင်အတွက် ခွေးချေထိုင်ခုံငယ်လေးကို အဆင်သင့်ချပေးထားလိုက်ကာ ရေနွေးပန်းကန်လေးနှစ်လုံးကို ဆေးနေ၏။   ဆိုင်တွင်လူရှင်းနေသည်။ အကြော်ဆိုင်မှာ တဲငယ်လေး တလုံးသာဖြစ်၏။ အကြော်မီးဖိုမှာ တဲအောက် အရိပ်ထဲမှာ ဖြစ်ပြီး စားသူများ ကား သစ်ပင်ရိပ်မှာ အဆင်ပြေသလိုထိုင်ကြပါသည်။ ဆိုင်ထိုင်စားသူများအတွက် စားပွဲပုလေး သုံး လေးလုံး သာ ချထားပေး၏။  ရာသို့ လျှောင်လာခဲ့၏။ အနီးအနား အိမ်များမှ လာဝယ်ကြတာရှိသလို ကန်သစ်မှပြန် လမ်းကြုံ ဝင်ဝယ်သွား သူများလည်းရှိသည်။ မျိုးအောင်သည် စက်ဘီးကို အရိပ်ကောင်းရာမှာ ထောင်ခဲ့ပြီး ရီရီဝင်းထိုင်နေရာ စားပွဲပုလေးရှိရာသို့လျှောက်လာခဲ့၏။ ရီရီဝင်းက မြောက်ဖက်သို့လှည့် ၍  ထိုင်နေရာ သူက မျက်နှာ ချင်းဆိုင်တွင်ဝင်ထိုင်လိုက်၏။ ရီရီဝင်းက ‘မောင် တို့ဟူးကြော် နှစ်ပြန်ကြော်ပဲ စားမှာလား။’
မျိုးအောင်က ‘လာ မမဝင်း အကြော်ဘန်းကို သွားကြည့်ရအောင်’  ဟု ပြောကာထ သွားသဖြင့် ရီရီဝင်းလည်း ထ ၍ လိုက်လာခဲ့၏။
အကြော်ဘန်းထဲတွင် ပဲကြော် (ရန်ကုန်တွင် မန္တလေး ပဲကြော်ဟုခေါ်၏)၊ဘယာကြော်၊ ကြက်သွန်ကြော်၊ ရွှေဖယုံသီးကြော် နှင့် တို့ဟူးကြော်များကိုသူ တွေ့၏။
‘မောင်  ပဲကြော် ၂ ခု နှင့် တို့ဟူးကြော် ၂ ခု စားမယ်၊ မမစားချင်တာ ထည့်ပြီး ယူလိုက်ရအောင်ဟုပြော၏။ ရီရီဝင်းက ‘ကောင်းပါပြီ ရှင်’ ဟု မျက်စောင်းလေးထိုးကာပြော၏။ မျိုးအောင်သည် ရီရီဝင်း ၏ ဤမျက်စောင်းကို ကြက်သားဟင်းထက်ပင် ပိုကြိက်၏။ မဲနက်ရွှန်းလက်သော ရီရီဝင်း၏ သောက်ရှူး ကြယ်ညီနောင် ကို စိုက်ကြည့်မိ၏။ “မျက်လုံးတော်ရောင်၊ သောက်ရှူးကြယ်ညီနောင်” ဆိုတဲ့ ဖတ်ဖူးမှတ်ဖူး သော လင်္ကာပိုဒ်ကို သတိရလိုက်၏။ ရီရီဝင်း သည် မထင်မှတ်ဘဲ မျိုးအောင် ၏အကြည့်တမျိုးကို မျက်လုံးချင်းဆိုင်ကာ ကြည့်လိုက်ရ သဖြင့် ရွှေရင်အုံ သိမ့်သိမ့်လေး ခုန်သွားသည်ကို သတိထားလိုက်မိ၏။ သို့သော် သူ့စိတ်မှာ မရေမရာ ရှိ၏။ သူ မျိုးအောင်ကို ချစ်နေမိပြီလား ဆိုတာ။ မျိုးအောင် တဲအောက်မှ ခေါင်းကို ငုံ့ကာ ထွက်သွားမည်ပြုရာ
‘မောင် မမဝင်းကို ကူသယ်အုံးကွာ’ မျိုးအောင်ကြားရုံ တိုးတိုးပြော၏။မျိုးအောင် ပြန်လှည့်ပြီး အကြော်ပန်းကန် ကို ယူလိုက်၏။ ရီရီဝင်းက ချဉ်စပ်ပန်းကန် နှင့် ရေနွေး ခရား တို့ကိုယူ လာခဲ့၏။ စားပွဲပုလေးမှာ မျက်နှာချင်းဆိုင်ထိုင်ရင်း သူတို့ အကြော်စား၏။
‘မောင် စားနေတုံးဘဲ  မပြတ်သေးတဲ့ စကားကိုပြောရအောင်’ ဟု ရီရီဝင်း စကားပြန်ကောက်၏။ မျိုးအောင်က
‘ဘာကို ဆက်ရမှာလည်း မမဝင်း’
‘မောင် ဘောက်ဇင် မထိုးတော့ ဘူး မဟုတ်လား’ မျိုးအောင်က
‘မမဝင်းက ဒီဘောက်ဇင် ပွဲကို ဘဲ ပြောနေတော့တာကိုး.. မောင် မမဝင်း စကားကို အမြဲလို နားထောင်ခဲ့ပါတယ်။ ဒီတလခါက မောင် နှုတ်လွန် ခဲ့ပြီ ..အခုမှ မထိုးတော့ဘူးဆိုရင် အကုန်လုံး ကမောက်ကမတွေ ဖြစ်ကုန်တော့မှာ.. ။ ဒီတခါ မောင့်ကို ခွင့်လွှတ်ပါ မမဝင်း။ ဒါ ပထမဆုံး နှင့် နောက်ဆုံး လို့သဘောထားပြီး အနိုင် ထိုးမယ်။ နောင်ကို မထိုးတော့ဘူး။’ ဟု သူဆို၏။ မျိုးအောင်သည် ရီရီဝင်း ငြိုငြင်မှာ ကိုကြောက်၏။ တင်းရစ်သည့် သည် သံယောဇဉ်နှောင်ကြိုးကို သူ မရုန်းသာအောင်ရှိ၏။
   မျိုးအောင်ပြောသည်မှာ လမ်းကျသည်ဟု ရီရီဝင်း ထင်၏။
‘ဟုတ်ပါပြီ မောင့် ပြောတဲ့စကားကို ကတိ လို့ မမဝင်း ယူဆနိုင်မလား။’ ရီရီဝင်း ဘာကြောင့် မျိုးအောင်ကို သိတ်ကရုစိုက်နေမိ သလဲဆို ကိုယ့်ကိုကိုယ် မစောကြောမိသေးပေ။ မသိစိတ် ကသံယောဇဉ် တွယ်နေပြီ ဆိုတာ အသိစိတ်မှာ တဖြည်းဖြည်း ပေါ်လာတာကိုတော့ သတိထားမိ၏။
‘အဲ့ဒီ ကတိအတွက် မမဝင်း ဒီပွဲကို လိုက်ကြည့် ရမယ်နော်’ ဟု မျိုးအောင်က တောင်းဆိုလိုက်၏။
‘မောင် မမဝင်း ကို အမြဲ အနိုင် ယူနေကြဘဲ.. ကောင်းပါပြီ မမဝင်း လာအားပေး မယ်။’ ဟုပြောရင်း ဘောင်ဇင် ပွဲနှင့် ပတ်သက်လို့ နားလည်မှု ရ ၏။
ရီရီဝင်း သည် ရေနွေး ပန်းကန် ကို မှုတ် ၍သောက်နေသော မျိုးအောင်ကို စိုက်ကြည့်နေမိ၏။ မျိုးအောင်၏ ဖြူဆွတ်သည့် မျက်နှာ ပေါ်မှာ သွေးကြော အနီ အစိမ်းလေးများ ကိုမြင်ရ၏။ သို့သော် အရင်လောက် မဖြူ နေလောင် ထားသည်ကို သတိထားမိ၏။ နက်မှောင် ကော့ညွှတ်နေသည့် မျက်တောင်များ ကတော့ သူနှင့် အတူတူ ပင်ဖြစ်၏။ ရီရီဝင်း က ညိုချော၊ ညိုပြာညက်ကလေးဖြစ်၏။ ရေနွေးပူနေသေး ၍ ပန်းကန်ကို ချထားလိုက်ရင်း မျိုးအောင် ရီရီဝင်းကို မော့ကြည့်လိုက်၏။ ရီရီဝင်းက ခါးကို မတ်မတ် ထိုင် သဖြင့် ကိုယ်ကို လျှော့ ၍ ကြို့ကြို့ ထိုင် တတ်သော မျိုးအောင်ကို အပေါ်မှစီးကြည့်နေသလို ထင်ရ၏။ ဒီတခါ အကြည့်ချင်းဆုံ သဖြင့် မျက်စေ့လွှဲ သွားရသူမှာ ရီရီဝင်း ဖြစ်၏။ မျိုးအောင် က ‘မမဝင်း ဘာဖြစ်လို့ လဲ ဟင်’ ဟုမေးလျှင်
‘မောင် ငယ်ငယ်က လောက် အသားမဖြူတော့ ဘူး။ စွန်လွှတ်လို့ နေလောင် ကုန်တာ။’ ရီရီဝင်း သည် မျိုးအောင် ကို အရိပ်တကြည့်ကြည့် နေသူ။ ဒါကို မျိုးအောင်ကလည်း သိ၏။
‘မောင်က မမဝင်း လောက် အသားညိုချင်တာ။ ယောက်ျားဆိုတာ အသားညိုမှ ကြည့်ကောင်းမှာပေါ့။ မိန်းကလေး လို ဖြူနွဲ့ နေတာမျိုး မောင် မကြိုက်ပါဘူး။’
‘ကောင်းပါပြီ မှတ်ထား ပါမယ်ရှင် ။ နောင်တော့မှ အသားဖြူဖြူ ဝါဝါ   ကောင်မလေးတွေ က မောင့်ကို အသားမဲလို့  ကုလားပဲ ဆိုပြီးမကြိုက်ရင် ပြန်ဖြူချင်စိတ် ပေါက်လာပါ လိမ့်မယ်။’
‘အဲ့လို ဘယ်တော့ မှမဖြစ်သေး ဘူး။’ ဟု မျိုးအောင် ပြန်ပြော၏။
သူတို့ နှစ်ဦး အကြော်စား လို့ပြီးပြီ ဖြစ် ၍ ရီရီဝင်းက ကျသင့် သည့် ပိုက်ဆံပေး၏။
ရီရီဝင်းက ‘မောင် ကန်ဘောင်မှာ ခဏ လမ်းလျှောက်ကြစို့လား။ နေလည်းအေး ပြီ။’
မျိုးအောင် က စက်ဘီးကို တွန်းလာခဲ့ပြီး ..၊ ‘မမဝင်း ထိုင်၊ ကန်ဘောင်ပေါ်ရောက် မှလမ်းလျှောက်ကြမယ်နော် ’ဟုပြောလျှင် ‘မောင့်သဘော ဘဲ’ ဟု ရီရီဝင်း ပြော၏။
 မျိုးအောင်က ရီရီဝင်းကို စက်ဘီးပေါ်နောက်မှ တင်ကာ စီးလာခဲ့၏။ ကန်ဘောင်ကိုရောက်အောင် ခဏသာ နင်းရသည်။  ကန်ဘောင်ပေါ်ရောက်တော့  အရိပ်ကောင်း သည့် မန်းကျည်းပင်ကြီး တပင်အောက် တွင် စက်ဘီးကို ရပ်၊ သော့ခတ်ခဲ့ပြီး သူတို့ နှစ်ဦး လမ်းလျှောက်ခဲ့ကြသည်။ ခဏရပ်ပြီး ကန်မကြီး၏ ဟိုမှာဘက်ကမ်းဆီ နှစ်ဦးသားငေးမိကြ၏။
အမှန်က ရီရီဝင်း သည် မျိုးအောင်ထက် အသက်များစွာ မကြီးလှပါ။ ထိုစဉ်က ဗေဒါ ၊ မောင့်မမငြိမ်း စသော ဆရာအောင်လင်း၏ ဝတ္တု များ၊ ရုပ်ရှင်များ ကြောင့်လည်းကောင်း၊ တောင်ငူဘုရင် နတ်သျှင်နောင် နှင့် ရာဇဓာတု ကလျာ တို့၏ ရာဇဝင် ချစ်ဇာတ်လမ်းတိုကြောင့် လည်းကောင်း၊ ဆရာ တက္ကသိုလ် ဘုန်းနိုင်၏ ဝတ္တု တအုပ် နှစ်အုပ်တို့ကြောင့်လည်းကောင်း ဆယ်ကျော် သက်ရွယ် မိန်းကလေးများက ‘မမ’ ဖြစ်ချင်ပြီး ယောက်ျားလေးများက ‘မောင်လေး’ သို့မဟုတ် ‘မောင်’ ဖြစ်ချင်ကြပါသည်။ ဤ သည်မှာ ခေတ်၏ ရေစီးကြောင်းဖြစ်၏။
‘မောင် ဘာတွေ စဉ်းစား နေ တညလဲ’
‘စဉ်းစားတာ တော့ မဟုတ်ပါဘူး ..မမဝင်း .. မောင် တွေးနေတာ ပါ။ ’
‘အေးပါကွာ  ဘာတွေ တွေးနေတာလဲ ပြောပြပါလား’
‘အော် မောင်တွေး မိတာက သဘာဝရဲ့ ဆန်းကြယ်မှုပါ။ မိန်ခလေးတွေရဲ့ မျက်လုံးက လည်း ကောင်းကင်က ကြယ်တွေလို ရွှန်းလက်နေ တတ်တယ်။’ ဟုပြောသည်။
‘မောင်က ငယ်ငယ်ရွယ်ရွယ် နဲ့ မိန်ခလေးတွေ ကို စိတ်ဝင်စား နေပြီလား  မျက်လုံးတွေက ကြယ် တွေလို ရွှန်းလက်တယ်လို့  .. စိတ်ကူး ယဉ်တတ်နေပြီလား ’ ဟုရီရီဝင်း မေး၏။ မျိုးအောင် ရင်ထဲက
‘မောင်စိတ်ဝင်စားတာက  မမဝင်း တယောက်တည်း… မမမျက်လုံးက၊ ရွှန်းလက်တောက်ပ နေတာကို မောင်ပြောချင်တာ’ ဟုပြောနေသော် လည်း   နှုတ်ကမူ ‘မိန်းခလေးတွေရဲ့ မျက်လုံးကို ကြည့်တာ…သူတို့ ကို စိတ်ဝင်စားတာ မမဝင်း မကြိုက်ဖူး လား။’
‘ဒီလိုလည်း မဟုတ်ပါဘူး  မောင်။ ဒါပေမဲ့ မောင်က ငယ်သေးတယ်  အခုမှ အထက်တန်းကျောင်းသား .. တက္ကသိုလ် သွားပြီး ပညာတွေ ဆည်းပူး မောင်ဖြစ်ချင်တဲ့ သိပ္ပံပညာရှင် တယောက်ဖြစ်မှ မိန်းခလေးတွေ ကို စိတ်ဝင်စား သင့်တယ် …။ မမပြောတာကို မောင် လက်ခံ နိုင်မလား။’
‘မမက မောင့်ထက် အသက်ကြီးတယ် ..စာအုပ်တွေလည်းဖတ် တယ်၊ ..ပြီးတော့ မန္တလေးတို့      ရန်ကုန်တို့  လည်းရောက်ဖူးနေတော့ ၊.. မောင့်ထက် မမဝင်းက ဗဟုသုတကြွယ်တာပေါ့၊  မမဝင်းပြောတာကို လက်ခံရမှာ ပေါ့ ’
‘ဒီလိုလည်း မဟုတ်သေးဘူး မောင်ရ၊ …မမပြောတိုင်း လက်ခံတာလည်း မကောင်းဘူး။ ပြောသမျှ လက်မခံဘဲ ဆန့် ကျင်တာလည်း မကောင်းဘူး၊ မောင်သိပါတယ်  မမပြောချင်တာကို။’
‘မမဝင်း ..မောင်က ပညာမတတ်သေးဘူး   ပညာမပြည့်စုံသေးဘူး ပေါ့-- ပြီးတော့ မချမ်းသာဘူး။ ဂုဏ်လည်းမရှိ ဘူး။ ဒီတော့ မောင့် ရဲ့အတွေး မောင်ရဲ့ ဆန္ဒနဲ့  မောင့်ရဲ့ခံယူချက် တွေထက်၊ တစုံတဦး ဒါမှမဟုတ် လူတစုရဲ့ အတွေးအခေါ်နှင့် ခံယူချက်တွေ ကို ဦးစားပေးရတာ သဘာဝ ကျပါတယ် မမရယ်။ တခါတလေ မမဝင်း ကို ဆန့် ကျင်ပြီး ပြောတာတွေကလည်း  မောင့်ရဲ့စိတ်ကို မောင်မနိုင်လို့  ..သေချာစဉ်းစား ကြည့်ရင်၊ မောင်စကားမပြောဘဲနေတာ အကောင်းဆုံးလို့  သိလာတယ်။’
သူတို့ နှစ်ဦး စကား တပြောပြောနှင့် လျှောက်လာခဲ့ရာ ခရီးရောက်မှန်း မသိရောက်လာသည်။ ကန်မကြီး၏ ရေလွှဲ တခါး မှာ နောက်တွင် ရေးရေး ကျန်ခဲ့ပြီ ဖြစ်၏်။  ရီရီဝင်း က ‘ပြန်လှည့်ကြစို့  မောင် ဝေးလာပြီ။’ ဟုဆို ၍ သူတို့  ပြန်လှည့်ပြီး လျှောက်လာ ရင်း ရီရီဝင်း က ‘မောင့်ကို မမဝင်း မ ငြင်းခုန်ချင် ပါဘူး။ မောင့်ဘက်က မောင်မြင်တာ မှန်သလို၊ တခြားဘက်ကလည်း သူ့ အမြင်မှန်နေ နိုင်တာ ဘဲ။ ပိုက်ဆံအကြွေပြား ရဲ့ ခေါင်းနှင့် ပန်းလိုပေါ့ ..သိတဲ့ လူကတော့ ခေါင်း နှင့် ပန်း နှစ်ခုလုံး မှန်တယ်လို့  သိနားလည်တယ်။ 
‘မမဝင်းပြောတာ မှန်ပါတယ်  ဒါပေမဲ့ အဲ့ဒီ ပိုက်ဆံကို သေသေချာချာ ကြည့်ရ အောင် ပိုက်ဆံ အကြွေစေ့ မရှိတဲ့ သူအတွက်ကတော့ ခေါင်းနှင့်ပန်း ဆိုတာကို သူများပြောလို့ သာ လိုက်ပြော ရ တယ်  ခေါင်းကဘယ်လို ပန်းက ဘယ်ညာလို့  သေသေချာချာ ရေရေရာရာ မသိတာ  သူ့ အပြစ်လား မမဝင်း ’
‘မောင်က အဘိဓမ္မာ ဆန်သလို စကားရည်မှာလည်း ပါးနပ်ပါတယ်။ မောင် နှင့် စကားစစ်ထိုးနေတာ မဟုတ်ဘူးနော် မောင့် ကို မမဝင်း ဘွဲ့ ရ ပညာတတ် အရာရှိ တယောက် အဖြစ်မြင်ချင်တာ…။
‘မမ ဖြစ်စေချင်သလို မောင်ကလည်း ဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ တကယ်လို့  အဲ့ဒီလို ဖြစ်မလာခဲ့ရင်ကော …မမဝင်း’
‘မောင် က ယောက်ျား ဘဲကွာ …မကျိုးစားသေး ခင် ဖြစ်မလာရင်ကော ..ဆိုတာကို အရင်မတွေးဘဲ ..စနစ်တကျ မောင် ကျိုးစားပါ ဦးလား။’
‘မောင် ကျိုးစားခဲ့ပါတယ် အခုလည်း ကျိုးစားနေပါတယ်၊ အခုလည်းကျိုးစားနေပါတယ်   မမဝင်းကဖြစ်စေချင် နေတော့ မောင်ပိုပြီး ကျိုးစားမယ်။ မမဝင်း ဖြစ်စေချင် သလို ဖြစ်အောင် မောင် ကျိုးစားမယ်။’
‘ကောင်းပါပြီကွယ်   မောင်ဖြစ်ချင်တဲ့ ရူပဗေဒ ပညာရှင် ဖြစ်ပါစေ လို့  မမ ဆုတောင်းပါတယ်၊   အမြဲဆုတောင်းနေမယ် ဟုတ်လား’
သူတို့  နှစ်ဦး ခပ်သွက်သွက်လေး လျှောက်လာ ကြရာ၊ စက်ဘီး ထားခဲ့ ရာ မန်ကျည်းပင်ကြီး ဆီသို့  ရောက်လာ ခဲ့ပြီဖြစ်၏။ ‘ပြန်ကြစို့ နော် မမဝင်း’ ဟု သူပြော၏။ ရီရီဝင်း က ခေါင်းဆတ်ပြ၏။ မျိုးအောင်သည် ရီရီဝင်း ၏ တည်ငြိမ်အေးချမ်းသော အလှကို နေဝင် ရီတရော တွင်၊ ကြည့်မောလျှက်ရှိ၏။ မျိုးအောင်သည် သူဖတ်ခဲ့ မှတ်ခဲ့ ဖူးသော သျှင်မဟာရဋ္ဌသာရ
-Shin Maha Rahtasara ၏ “ဝဏ္ဏပဘာ  ချီ” ရတုကို အောက်မေ့ နေ၏။ ‘ဖြူစင်ရွှေရောင် ဝင်း လှမှန်ကင်းကို’ ဆိုရလောက်အောင် ရီရီဝင်း ၏ လှမျက်နှာက ကျနေ၏ အရောင်တွင် ဝင်းပပ ရှိ သည် ဟု သူထင်၏။စက်ဘီး ကို သွားမယူဘဲ ကြည့်ငေးမြဲ ငေးနေရာ ရီရီဝင်း က၊
‘မောင် ဘာငေး နေတာလဲ စက်ဘီးသွားယူကွာ ပြန်ကြ မယ်ဆို’
မျိုးအောင် က ‘မောင် ဟိုလေ သျှင်မဟာရဋ္ဌသာရ ရဲ့ ရတု ကို သတိရ လို့  ၊ မမဝင်း နားထောင် မောင် ဆိုပြမယ် ’ ဟုပြောကာ ရတု ကို သူ ရွတ်ဆို ၏။
ရီရီဝင်း စိတ်မှာ သိနေ၏။ မျိုးအောင် ကို နားလည်နေ၏။ သို့ သော် သူစဉ်းစားနေသည်။
မျိုးအောင်က ဆက် ၏။ ‘ဆိုပါစို့  မမဝင်း ရယ်  မမလိုချင်တာက ကြာဖြူပွင့် လေးတပွင့်၊  မောင်ပေးချင်တာကလည်း  ကြာဖြူပွင့် လေးတပွင့် ပါဘဲ၊ ဒါပေမဲ့ မောင့် မှာရှိတဲ့ ကြာဖြူ ပွင့်လေးက ဆွတ်ဆွတ်ဖြူ မဟုတ်ဘဲ …အနီရောင် ..ခရမ်းရောင်လေး တွေ သန်းနေမယ် ဆိုရင်  မမဝင်းလက်ခံ နိုင်မလား။ မောင် ကတော့ မမမြတ်နိုးတဲ့ ကြာဖြူပန်းပွင့် လေးဘဲပေးချင် ခဲ့တာပါ။’
ထိုအခါ ရီရီဝင်းက ‘မောင်လေးက သွယ်ဝိုက်ပြော နေပေမဲ့ ဘာပြောချင်တယ်ဆိုတာ မမသိပါတယ်။ အခုလို ပညာသင်ချိန်မှာ ..ဘယ်သူ့ ကိုဘဲ ဖြစ်ဖြစ် မောင် ဖြူစင်တဲ့ စေတနာ မေတ္တာ မျိုးသာ ထားသင့်တယ်။ မောင် တနေ့ မှာ မမကို ဒီလိုပြောလာမယ်တိုတာ မမသိနေတယ်။ ဒါပေမဲ့ ဒီလောက် မြန်မြန်ပြောလာမယ်လို့ တော့ မထင်မိခဲ့ ဘူး။ ထားပါတော့လေ။ မောင် လည်းဒီပုတ် ထဲက ဒီပဲ ဘဲ။ ဒါပေမဲ့ မောင်လေးကို မမ စိတ်မဆိုး ပါဘူး။ မမ ကတော့ မောင့်ကို မောင်လေး အရင်းတယောက်လို ဖြူစင်တဲ့ မေတ္တာနှင့် ဘဲ ချစ်ခင်တာ။ ’
မျိုးအောင် သည် ရီရီဝင်း၏ တုန်ရင်နေ သည့် အသံ နှင့် လေယူလေသိမ်းကို အကဲခတ်မိ ပြီး သူ့ ကို ရီရီဝင်း စိတ်ဆိုး သွားသည်ကို သိ၏။ သူမျက်နှာ ကို မျိုးအောင် သေသေချာချာကြည့်၏။ လေပြေလေညှင်း ဆော့ကစားရာမှာ လွှင့်ဝဲနေသော ဆံယဉ်စလေးများနှင့် ပကတိ အပြစ်ကင်းစင်သော မမဝင်း၏ ညိုစိမ့်စိမ့် မျက်နှာလေးကို ငေး ကြည့်မိပြန်ရာမှ
‘မမဝင်း မောင့် ကိုစိတ်ဆိုးသွားပြီလား။ အထင်သေးသွားပြီလား ဟင်။ မောင် မမဝင်း အထင်သေးမှာ ကို အကြောက်ဆုံး ပါ မလိုလားဆုံးပါ။ ဒ’ါပေမဲ့ မမဝင်း သိစေချင်နေတယ်။ အမှန်ကို မမဝင်း သိစေချင်တာပါ။ ကိုယ့် မှာလည်းအင်အားရှိတယ် ၊ ကိုယ်ကလည်းဦးနေပါလျှက်နဲ့  ဆက်မပြေးဘဲ ပန်းဝင်မှာ တန်းထားတဲ့ ဖဲကြိုး ဆီ မရောက်ဘဲ ကိုယ် ရှုံး ရတဲ့ အဖြစ်မျိုး မောင်မလိုလားဘူး။ မဝင်းသိရင် ကျေနပ်ပါတယ်။ မောင့်ကို မမဝင်း သိပါတယ် မောင်မြတ်နိုးတာကို မောင်ပိုင်ဆိုင်ချင်တယ်  ဒါပေမဲ့ ဒီနေရာ ဒီအချိန် မှာတော့ မောင် မမဝင်းကို ပေးနိုင်တာက ကတိတခုဘဲဖြစ်ပါတယ်။ ဒါကို မမသိရင် မောင်ကျေနပ်ပြီ။ မောင် ဒုတိယနေရာ ကိုမလိုချင်ဘူး။’ ‘မမဝင်း ယုံပါ။ ဟောဒီ မင်းနန်သူ ဘုရားကို သစ္စာ တိုင်ပြီးမောင် ပြောတာပါ။ မောင်   မမဝင်း ဖြစ်စေချင်တဲ့ ဘဝမျိုးကို မရ ရ အောင်ကျိုးစားမယ်။ မောင့်ကို မမဝင်း နားလည်နိုင်မှာပါနော်။’
ရီရီဝင်း က မတုန်မလှုပ် ကျောက်ဆစ်ရုပ် ပမာ။ စိတ်ဆိုးခြင်းလည်း မဟုတ်။ စိတ် မကောင်း တော့ ဖြစ်၏။  တနေ့ မှာ မျိုးအောင် ပြောလာမှာဘဲ ဆိုတာတော့ သိနေခဲ့၏။ အချိန်အတိုင် မီ၊ ချစ်သူ ဘဝတွေရောက်ကြ နောင်တော့ အကြောင်း အမျိုးမျိုးေ ကြာင့် လွဲကြ ကွဲကြတာတွေ၊ ရီရီဝင်း ဖတ်ဖူးကြားဖူး ရှိ၏။ သူလည်း မျိုးအောင် အပေါ်မှာ သံယောဇဉ် ရှိ၏။ အခုကဲ့သို့  ဘာမှမဟုတ်သလို နေကြခြင်းက ချစ်သူအဖြစ်ရောက်ပြီး လွဲကြခြင်း နှင့် စာသော် စိတ်မချမ်းသာ ဖြစ်ရမှာ မဟုတ် ဟု သူထင်နေ၏။ သူလည်း မျိုးအောင် နှင့် မလွဲလိုပေ။ သို့ ဖြစ် ၍ဘာမျှမပြောဘဲ တုံနိဘာဝေ နေ၏။ မျိုးအောင်သည် ရီရီဝင်း စိတ်မဆိုး သဖြင့်၊ သူစိတ်သက်သာရာ ရပြီး၊ ပိုရဲလာ၏။ ရီရီဝင်း၏ ပြည့်ဖြိုးဖြိုး လက်ဖဝါးနုလေး နှစ်ဖက်ကို သူ၏လက်ဖြင့် ဆွဲယူကာ ..သူရင်ဘတ်ဆီမှာ ထားလျှက်
‘မမဝင်း မောင့်ကို စိတ်မဆိုးဘူးနော်၊ မမဝင်း စိတ်ဆိုးမှာ မောင်အကြောက်ဆုံးဘဲ’ ဟုပြော၏။
ရီရီဝင်းသည်  မျိုးအောင် ၏ လက်ဖဝါးနှင့် လက်ဖမိုးတို့ တွင် အသားမာတက်နေသည်ကို၊ သူ လက်ချောင်းကလေးများဖြင့် ပွတ်သပ်ကြည့်ရင်း၊ ‘စိတ်တော့ မဆိုးပါဘူးကွာ ဒါပေမဲ့ စိတ်မကောင်း ဖြစ်ရတာပါဘဲ။ မောင်လည်း အတူတူဘဲလေ မောင်လည်းယောက်ျားလေး တယောက်ပဲ  မမနားလည်ပါတယ်။ ဒါပေမဲ့ မောင့်ကို စိတ်မဆိုးဘူး ဆိုတာနဲ့  မမက မောင့် ကို.. ’ ရီရီဝင်း က ဘယ်လိုဆက်ပြောရမည် မသိ၊ စကားကို ရပ်ထား၏။  မျိုးအောင်က’ ဆက်ပြောပါ မမဝင်း’
မမက မောင့် ကို.. ဟိုလေ  မောင့်လိုဘဲလို့  မထင်စေချင်ဘူး။ မောင့် ကိုစိတ်မဆိုး တာက .. မောင်ထင်ရာတွေ လျှေက်လုပ်နေမှာ စိုးလို့ ဆိုတာ မောင်သိတယ် မဟုတ်လား။ ကဲ ပြန်ကြစို့  နောက်ကို ဒီစကား မောင်ထပ်မပြောရဘူး။  မမသိ စေချင်တာပဲဆို ရင်  အခု မမသိပြီဆိုတော့ မမနားညီးအောင် မောင်ထပ်ခါ တလဲလဲ ပြော စရာမလိုတော့ဘူး။ ဟုတ်လားမောင်။’ မျိုးအောင် က ရီရီဝင်း လက်ကလေး နှစ်ဘက်ကို ဆွဲယူကာ သူ၏နှုတ်ခမ်းများနှင့် ရီရီဝင်းလက်ခုံလေးကို နမ်းလိုက်ပြီး။
‘မောင် နားလည်ပါပြီ မမဝင်း ရယ်’    ဟုပြောလိုက်၏။    
ရီရီဝင်း သည် မျိုးအောင်ကို ရွှန်းလက်သော မျက်ဝန်းအစုံဖြင့် မော့ကြည့်လျှက်ရှိ၏။ သူ၏ လက်ကလေးနှစ်ဘက်ကို ဆွဲမယူကာ မြှောက်ထားသဖြင့် လုံးလုံးကျစ်ကျစ် ပြေပြစ်သော ကိုယ်လုံးလေးမှာ၊ ခါးသေးရင်ချီ ဘရဏီ ပုံအလား ထင်မှတ်မှားရ၏။ရုပ်ရှင် ထူးချွှန်ဆု ရွှေစင်ရုပ်ကလေးက” ကြယ်ကို ဆွတ်ခူးနေတဲ့ နတ်မိမယ်” အသွင်ထင်မိ၏။ သည်အချိန်မှာ မျိုးအောင့်     စိတ်  ကမ္ဘာလုံးတွင် ရီရီဝင်းသာ အလှဆုံးဟု ထင်နေ၏။အမှန် စင်စစ် ရီရီဝင်း သည် ရမည်းသင်းမြို့ ၏ အလှထိပ်ခေါင်စာရင်း တွင်ကာ ရှေ့ ဆုံးနေရာ တွင်ရှိသူလည်းဖြစ်၏။ မျိုးအောင် သည် ရည်းစားလူလု ရွှေဥ ကြမ်းညှပ် ဆိုသကဲ့ သို့ ဖြစ်မလာခင်၊ စစ်မလာခင်က အသင့် စီရင်နေ သကဲ့သို့ ဖြစ်၏။
မျိုးအောင်သည် မမဝင်း၏ သေးကျင်သော ခါးလေးကို သိမ်းဖက်လိုက်ချင်၏။ သို့ သော် စိတ်ရိုင်းများကို မောင်းထုတ် လိုက်ပြီး၊ ‘မနက်ဖန်ည   မောင့်ကို လာအားပေး ရမှာနော်’   ဟုပြောလျှင်၊ ရီရီဝင်းက သူ့ ကိုမော့ ကြည့်လျှက်ကပင် ခေါင်းကို ငြိမ့်လိုက်ရင်း ‘လာခဲ့မယ်မောင်…စိတ်ချနေ’   ဟုပြောသည်။ အခုအချိန်ထိ မျိုးအောင်သည် ရီရီဝင်း၏ လက်ကလေးများကို ဆုပ်ကိုင်ထားပြီး၊ သူ့ ရင်ခွင်ဆီတွင် ထားလျှက်ပင်  ရှိ၏။  ရီရီဝင်းကလည်း၊ မရုန်းမိ။ ရီရီဝင်း ကခေါင်းကို ငုံ့ သွားရာက  မော့ကြည့်လိုက်ရင်း ‘ပြန်ကြစို့  မောင်’   ဟုပြော၏။
မျိုးအောင်က သူ့ လက်ကလေးများကို ဖြစ်ညှစ် လိုက်ရင်း၊ ခေါင်းငြိမ့်လိုက်၏။ ပြီးတော့ ရီရီဝင်း လက်ကလေးများကို၊ လွှတ်ပေးလိုက်ပြီး စက်ဘီးရှိရာ သို့ လျှောက်သွားသည်။ စက်ဘီးကို သော့ဖွင့်ကာ တွန်းခဲ့ပြီး၊ ရီရီဝင်း အနီးသို့ လာခဲ့၏။ အနားရောက်မှ  ‘လာ  မမဝင်း ထိုင်’ ဆိုကာ ရီရီဝင်းကို စက်ဘီးနောက်ခုံ မှာ အသေအချာ ထိုင်စေပြီးမှ သူ စက်ဘီးကို နင်းထွက်ခဲ့၏။ ကြေးနီကန်မကြီး၊ ထန်းပင်တန်း နှင့် သျှမ်း ရိုးမတောင်တန်းကြီးမှာ သူတို့  အနောက်တွင်ကျန်ရစ်ခဲ့၏။  
                                           **********
အခန်း (၂) ကိုမျှော်ပါ။
{Source of photos: Courtesy of Google}
ရမည်းသင်းမြို့စား သီလဝမင်း