Monday, November 4, 2019

အာရှကို ထပ်မံခြိမ်းခြောက်လာတဲ့ တရုတ်ရဲ့ ပင်လယ်ပြင်လှုပ်ရှားမှု

မကြာသေးမီကာလအတွင်းမှာ တရုတ်နိုင်ငံဟာ ဂျပန်နဲ့ထိုင်ဝမ်နိုင်ငံတွေအနီးက ရေကြောင်းနယ်နမိတ် တွေမှာ နယ်မြေချဲ့ထွင်မှုတွေကို အရှိန်မြှင့်ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ပစိဖိတ်သမုဒ္ဒရာအတွင်း လှုပ်ရှားသွား လာမှုတွေကနေ တစ်ဆင့်ပိုတိုးပြီး စစ်ရေးလှုပ်ရှားမှုအသွင်ကိုပြောင်းလဲလာတာကိုလည်း တွေ့ရပါ တယ်။ ဒါ့ကြောင့် ဂျပန်နဲ့ထိုင်ဝမ်အစိုးရက နယ်မြေကာကွယ်ရေးလှုပ်ရှားမှုတွေကို တိုးမြှင့်လုပ်ဆောင် ခဲ့သလို တစ်ဖက်မှာလည်း တရုတ်ရေတပ်ကို လှုပ်ရှားမှုတွေရပ်တန့်ဖို့ သတိပေးခဲ့ပါတယ်။ ဇန်န၀ါရီ လဆန်းပိုင်းကလည်း ဂျပန်ကမ်းလွန်ပင်လယ်ပြင်မှာ တရုတ်ရေငုပ်သင်္ဘောတစ်စင်းကို တွေ့ရှိခဲ့ရပြီး ဒီသင်္ဘောဟာ အရှေ့တရုတ်ပင်လယ်ပြင်က နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းစုအနီးကိုလည်း သွားရောက်ခဲ့ပါတယ်။
တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်နဲ့ ဂျပန်၊ ထိုင်ဝမ်နိုင်ငံတွေရဲ့ အနီးဝန်းကျင်က ကျွန်းစုတွေ၊ ပင်လယ်ရေတိမ်ဒေသတွေကို အဓိကအာရုံစိုက်နေပြီး ရေနံနဲ့သဘာဝဓာတ်ငွေ့တို့လို စွမ်းအင်ရှာဖွေမှုတွေလည်း လုပ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်ဝမ်သမ္မတ ဆိုင်အစ်ဝမ်က တရုတ်အစိုးရ ရဲ့လုပ်ရပ်ဟာ ဒေသတွင်းမတည်ငြိမ်မှုတွေကို ပေါ်ပေါက်စေနိုင်ကြောင်း ထုတ်ဖော်သတိပေးသွား ခဲ့ပါတယ်။
ဂျပန်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေအပါအ၀င် အာရှနိုင်ငံတချို့ဟာ ပင်လယ်ပြင်တွင်း နယ်မြေပိုင်ဆိုင်ရေး အငြင်းပွားမှုတွေအတွက် ယခင်က အမေရိကန်ရဲ့ ကြားဝင်ဖျန်ဖြေမှုကို အားကိုးအားထားပြုခဲ့ကြပါတယ်။
အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားရဲ့ အစိုးရအဖွဲ့ဟာ အာရှအရေးကိစ္စတွေပေါ်မှာ အာရုံစိုက်ခဲ့ပြီး နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ တရုတ်ရဲ့ခြေလှမ်းတွေကို အတိုင်းအတာတစ်ခုအထိ တားဆီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိသမ္မတဒေါ်နယ်ထရမ့်ရဲ့လက်ထက်မှာတော့ အမေရိကပဓါန ၀ါဒကို ဦးစားပေးခဲ့ပြီး ကျန်တဲ့ကမ္ဘာရေးရာကိစ္စတွေကို လစ်လျူရှုလာခဲ့ပါတော့တယ်။ အဓိပ္ပာယ်ကတော့ အာရှက မဟာမိတ်နိုင်ငံတွေအနေနဲ့ တရုတ်ရဲ့ခြေလှမ်းတွေနဲ့ပတ်သက်ပြီး အမေရိကန်ကို အားကိုးအားထားပြုလို့မရနိုင်တော့ဘူးဆိုတာပဲ ဖြစ်ပါတယ်။
တရုတ်နဲ့အပြိုင် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေတဲ့နိုင်ငံတွေကလည်း ဂျပန်အပြင်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတွေတောင် ပါဝင်နေတာ တွေ့ရပါတယ်။
လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး စင်ကာပူအမျိုးသားတက္ကသိုလ်က အာရှပစိဖိတ်ဆက်ဆံရေး အထူးပြုလေ့လာသူ ဂျာအီယန်ချောင်က ”ဒေါ်နယ်ထရမ့်အစိုးရရဲ့ ကြိုတင်ခန့်မှန်းမရနိုင်တဲ့အချက်ကြောင့် ဂျပန်နဲ့ထိုင်ဝမ်နိုင်ငံတွေအနေနဲ့ နယ်မြေကာကွယ်ရေးအတွက် ကိုယ့်အားကိုယ်ကိုးဖို့သာရှိပါတယ်။ တရုတ်ရဲ့ခြေလှမ်းတွေကို ဖိအားပေးပြီး မတားဆီးနိုင်တော့ဘူးဆိုရင် တစ်ချိန်မဟုတ်တစ်ချိန်မှာ ပြဿနာပေါ်ပေါက်လာနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေနဲ့ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ပတ်သက်ဆက်ဆံမှုတွေရှိခဲ့ပေမယ့် မြောက်ကိုရီးယားကိစ္စတစ်ခုတည်းကိုပဲ ဦးတည်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တရုတ်အစိုးရရဲ့ နယ်မြေချဲ့ထွင်တဲ့လှုပ်ရှားမှုဟာ အာရှနိုင်ငံတွေအတွက် ခြိမ်းခြောက်မှုလိုဖြစ်လာခဲ့ပြီး အရေးတယူထည့်သွင်းစဉ်းစားရမယ့် အချက်ဖြစ်လာခဲ့ပါပြီ။
သတင်းတွေရဲ့အဆိုအရ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ပြင်အတွင်းမှာရှိတဲ့ အငြင်းပွားနယ်မြေတွေရဲ့ ၈၀ ရာခိုင်နှုန်းအထိ သိမ်းပိုက်လိုတဲ့ဆန္ဒရှိကြောင်းသိရပါတယ်။ ဒါ့အပြင် ဒီနယ်မြေတွေကို တရုတ်အပိုင်အဖြစ် သတ်မှတ်ထားကြောင်းကိုလည်း မကြာသေးခင်က အဖြစ်အပျက်တွေနဲ့ ထုတ်ပြန် ကြေညာချက်တွေအရ သုံးသပ်ရမှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်က တောင်တရုတ်ပင်လယ်ပြင်အတွင်းက ဟောင်ဂျန်ကျွန်းလို့ တရုတ်ဘက်က အမည်ပေးထားတဲ့ရေတိမ်ဒေသအနီးကို အမေရိကန်ရေတပ်က ဖျက်သင်္ဘောတစ်စင်းချဉ်းကပ်ခဲ့ရာမှာ တရုတ်အစိုးရဘက်က ပြင်းပြင်းထန်ထန်သတိပေးခဲ့ပါတယ်။ အမေရိကန်တို့ရဲ့လုပ်ရပ်ဟာ တရုတ်အစိုးရရဲ့ အချုပ်အခြာအာဏာကို ထိပါးစော်ကားသလိုဖြစ်ကြောင်းလည်း ကြေညာခဲ့ပါတယ်။ ဒီကြေညာချက် အရ အဆိုပါရေတိမ်ဒေသကို တရုတ်နိုင်ငံက သူတို့ရဲ့အပိုင်အဖြစ် သတ်မှတ်ထားတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ တရုတ်အာဏာရပါတီဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီက ထုတ်ဝေတဲ့ People’s Daily သတင်းစာမှာ အမေရိကန်ရေတပ်သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်ပြင်အတွင်းမှာ လှည့်လည်သွားလာပြီး ဒေသတွင်းတည်ငြိမ်မှုကိုပျက်ပြားအောင် လုပ်ဆောင်နေတယ်လို့ စွပ်စွဲဖော်ပြထားပါတယ်။
တစ်ဖက်မှာတော့ တရုတ်နိုင်ငံဟာ ဂျပန်နဲ့ ထိုင်ဝမ်နိုင်ငံတို့ရဲ့ နယ်မြေတွေကိုကျူးကျော်ထိပါးနေ တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုငြင်းဆန်ပယ်ချထားပါတယ်။ ထိုင်ဝမ်ရဲ့ နယ်မြေတွေအနီးမှာ တရုတ်တိုက် လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေနဲ့ ကင်းထောက်လေယာဉ်တွေ လှည့်ပတ်ပျံသန်းမှုတွေရှိခဲ့ပေမယ့် ဒါဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် အခြေအနေသာဖြစ်ကြောင်း တရုတ်ဘက်က အခိုင်အမာဆိုထားပါတယ်။
တောင်တရုတ်ပင်လယ်ပြင်အတွင်းက နယ်မြေတချို့မှာ တရုတ်ရေငုပ်သဘောင်္တစ်စီး ရောက်ရှိလာခဲ့တာဟာလည်း ဂျပန်သင်္ဘောနှစ်စင်းရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တရုတ်အစိုးရဟာ 2009 ခုနှစ်ကပြီး ဂျပန်၊ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေနဲ့ နယ်မြေပိုင်ဆိုင်မှုအငြင်းပွားခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ အမေရိကန်ရဲ့ ကြားဝင် ပတ်သက်မှုကလည်း တရုတ်အတွက် အတားအဆီးတစ်ခုအဖြစ်ရှိနေခဲ့ပါတယ်။ အမေရိကန်ဟာ ထိုင်ဝမ်နိုင်ငံရဲ့ ကာကွယ်ရေးအတွက် ဒုံးကျည်တွေ၊ တိုက်လေယာဉ်တွေနဲ့ ဒုံးခွင်းစနစ်တွေကို ထောက်ပံ့ ရောင်းချပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ထိုင်ဝမ်သာမက ဂျပန်နိုင်ငံအနေနဲ့လည်း နယ်မြေကာကွယ် ရေးအတွက် ကိုယ်ပိုင်အသုံးစရိတ်မြှင်တင်ပြီး အစီအစဉ်သစ်တွေရေးဆွဲရတော့မှာဖြစ်ပါတယ်။ ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ”အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ အခြေအနေ ပြောင်းလဲဖို့ ကြိုးစားမှုတွေရှိနေပါတယ်။ လတ်တလောမှာ နယ်မြေလုံခြုံရေးအတွက် ပိုပြီးစိုးရိမ်စရာဖြစ် လာတာ အမှန်ပါပဲ”လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့ပါတယ်။ မစ္စတ အာဘေးရဲ့ အဆိုအရ ထိုင်ဝမ်နဲ့ ဂျပန်နိုင်ငံအပါအ၀င် အာရှနိုင်ငံတချို့ဟာ ဒေသတွင်းတည်ငြိမ်ရေးအတွက် ကိုယ်ပိုင်ကာကွယ်ရေးအင်အားကို တိုးမြှင့်တည်ဆောက်ရတော့မယ်လို့ သုံးသပ်ရမှာပါ။