Monday, January 22, 2018

အမှားမကင်းတဲ့ပုထုဇဉ် By Sein Htay

ကျွှန် တော် မောင် ကုလား ၏ အမြင် က အဆို ပါ မသိ နားမလည် တဲ့ ကလေး တွေ ကို မိ မဆုံးမ ဘ မဆုံး မ ဟု ပြော ရ မည် ဖြစ် သည်။ ဆဲ ခြင်း သည် ရိုက် သင့် သည့် အမှု ကို ဆေပါ့ ပါး သွား စေ သည် ဆို တာ ကို ဦး စိန် ဌေး နား လည် တန် ကောင်း၏။
======================================================

တနေ့ကFBပေါ်တွင်ကလေးမလေး၎ယောက်ယောဂီပုဝါလေးများဖြင့်လက်ခလည်လေးများထောင်ပြထားကာ   ဓါတ်ပုံရိုက်ပြထားသည်ကိုတွေ့ ရ၏။ ဟိုတလောကလည်းယောဂီတွေမိတ်ကပ်တွေဖြင့်သေနတ်လွယ်ထားသောဓါတ်ပုံတွေ့လိုက်ရသေး၏။ အတုမြင်အတတ်သင်အရွယ်လေးတွေမို့ပျော်စေပြက်စေလိုက်လုပ်မိသည်ဖြစ်တန်ရာ၏။
တရက်ပိုင်းအတွင်းမှာပင်ဆဲစကားများကမိုးမွှန်သွားကြပေသည်။ အချို့ မှာပြန်လည်ရေးပြရန်ပင်မသင့်ပေ။ ကလေးမလေးတစ်ဦးက ‘အပျော် သဘောပြုမိကြောင်း၊ မိကောင်းဖခင်သားသမီးများဖြစ်ကြောင်း၊ မည်သူ့ကိုမျှမစော်ကားကြောင်း၊ ဤအတွက်တောင်းပန်ပါကြောင်း၊ သတ်သေချင်စိတ်ပင်ဖြစ်နေကြောင်း’ ပို့(စ်)တစ်ခုတင်ခဲ့သောအခါကျွန်တော်စိတ်မကောင်းဖြစ်ရ၏။
လွန်ခဲ့သောရက်အနည်းငယ်ကလည်း ‘ယဉ်ကျေးမှုကြီးမားသောရွှေမြန်မာတို့’ ပါးစပ်သောင်းကျန်းသောကြောင့်မိသားစုကိုရှာကျွေးနေသောဖရဲ သီးသည်လူငယ်လေးသူ့အသက်ကိုသူယူသွားခဲ့ရှာ၏။ ယခုလည်းလုပ်ကြပြန်ပေပြီ။
မြန်မာတို့သည်ဆွမ်းကြီးလောင်းအလွန်ဝါသနာပါ၏။ သံဃာတော်များအားစေတနာသဒ္ဓါတရားဖြင့်လှူတန်းဒါနပြုသူများရှိကြသလို၊ မြေနိမ့်ရာလှံစိုက်ပြီးကျီးတွေလိုဝိုင်းအာကြသူများလည်းရှိကြ၏။ ဤကျေးကန်းတွေကပို၍ကြောက်စရာကောင်းပေသည်။ မိမိ၏မိခင်၊ ဇနီးမယား၊ သမီးသားကိုဤစကားမျိုးပြောလာကြလျှင်တုတ်ဆွဲဓါးဆွဲဖြစ်ကုန်ကြတန်ရာ၏။
‘ဘာသာရေးကိုစော်ကားလို့ဆဲရသည်’ ဟုဆင်ခြေတက်ကောင်းတက်ကြပေလိမ့်မည်။ ဘာသာရေးထဲတွင် ‘အဟရိက၊ အနုတ္တပ၊ ဖရုသဝါစာ’ တို့အကြောင်းမသင်ကြားခဲ့ရပြီလော။ ဘာသာတရားကိုလေးစားသူများကဤစကားမျိုးများပြောနေရေးနေကြခြင်းသည်ယုတ္တိတန်ပါ၏လော။ ဤလူတွေ ကပင်ပို၍ရှက်သင့်ကြပေသည်။ လိုင်းပေါ်တွင်သံဃာတော်များ၊ သီလရင်ဆရာကြီးဆရာလေးများ၊ သက်ကြီးသူများ၊ အမျိုးသမီးများ၊ ကလေးများရှိကြ၏။ ဤပုဂ္ဂိုလ်များသည်အိမ်တွင် ဤသို့ပြောကြ၊ နေကြပါ၏ေ လာ။ မိဘများကမဆုံးခဲ့ကြလေသလော။ သူများသားသမီးဆဲရမည်ဆို လျှင်အလွန်သွက်၊ အလွန်သတ္တိရှိကြပေသည်။ ‘ဘာသာရေးအကြောင်းပြပြီးပါးစပ်သရမ်းနေကြသူများ’ ဟုသာကျွန်တော်မြင်၏။
လောကတွင်အမှားမကင်းသူမရှိပေ။ မိမိကိုယ်တိုင်ပင် ‘ကြိမ်းသေမှန်သည်’ ဟုထင်ခဲ့သည်များဘယ်နှစ်ခါလွဲခဲ့ရသည်ကိုပြန်သတိရသင့်၏။ ကိုယ့်ထိတော့နာ၊ သူများကျတော့နှစ်ပြားမတန်ပြောခြင်းကိုဥာဏ်ရှိသောအလုပ်ဟုခေါ်နိုင်ပါမည်လော။
မြန်မာ FB ကားအပုပ်နံ့တထောင်းထောင်းထွက်နေသောလူမှုမျက်နှာစာဖြစ်၏။ ဤသို့ရေးနေကြသူများမှာလည်းမြန်မာများပင်ဖြစ်ကြ၏။
ကိုယ်ချင်းမစာဘဲအပုပ်နံ့တထောင်းထောင်းထနေသောပါးစပ်ကိုဟရဲသောသတ္တိသည်ယိုသူမရှက်သောသတ္တိပင်တည်း။
ကျန်းမာချမ်းသာကြပါစေ။
မေတ္တာဖြင့်၊
Sein Htay

No comments:

Post a Comment