Sunday, March 23, 2014

“လွမ်းမောဖွယ် ကံ့ကော်များ”

“လွမ်းမောဖွယ် ကံ့ကော်များ”

“လွမ်းမောဖွယ် ကံ့ကော်များ”
amara02446
Photo: Internet
တနေ့ခင်းလုံး ဒေါသတကြီးနှင့် ပြေးလွှားနေသည့် ကားသံများနှင့် ကင်းကွာပြီး အင်းစိန်လမ်းမကြီးက ငြိမ်သက်နေသည်။ တခါတရံတွင် အရှိန်နှင့် ဖြတ်မောင်းသွားသည့် ကားတစ်စီးတစ်လေမှ လွဲပြီး အရာရာသည် တိုးတိတ်လျက်ရှိသည်။ တနေ့တာလုံး အဆတ်မပြတ် လည်ပတ်ခဲ့ရပြီးနောက် အရှိန်ကျစပြုသည့် စက်များကဲ့သို့ လုပ်ငန်းခွင်အတွင်း လည်ပတ်ရင်း နွမ်းနယ်ခဲ့ကြသူတို့ အိပ်စက်အနားယူရင်း အားအင်တို့ ပြန်လည် ဖြည့်စွက်နေကြပြီ။ နေ့ပူလို့ ညချမ်းသည့် တပေါင်းလ အခါဖြစ်သော်လည်း ညဘက်တွင် စိမ့်နေအောင် ချမ်းသည်တော့ မဟုတ်။ ခပ်သော့သော့တိုက်ခတ်လာသည့် လေပြေကြောင့်သာ ညသည် အေးမြမြဖြစ်နေခြင်းပင်။
ထိုအချိန်တွင် ပြတင်းတံခါးကို ကျော်ပြီး စာကြည့်ခုံပေါ်သို့ ကျလာသည့် လရောင်သည် အခန်းထဲတွင် စာအုပ်ဖတ်နေရင်းမှ အညောင်းပြေ ၀ရံတာသို့ ထွက်ရပ်မိအောင် ကျွန်မကို ဆွဲဆောင်နိုင်သည်။ လပြည့်ကျော်ညမို့ လထွက်က နောက်ကျသော်လည်း သန်းခေါင်းကျော်ချိန် တွင် ၀ါဝါ၀င်းဝင်းနှင့် ရွှန်းမြနေသည်။ ကြည်လင် ၀င်းဝါနေသော လမင်းနှင့် လေပြေညင်းသည် လန်းဆန်းမှုကို ဖြစ်စေသည်က အမှန်။ ထိုအချိန်တွင် လမ်းပေါ်တွင် ထီရောင်းသည့်လှည်းတစ်စီးကတော့ ညချမ်း၏ တိတ်ဆိတ်အေးချမ်းမှုနှင့် လိုက်လျောညီထွေစွာ လွှမ်းမိုး၏ သီချင်းများကို ဖွင့်ပြီး တရွေ့ရွေ့နှင့် တွန်းလာနေသည်။ ကျွန်မတို့တိုက်ခန်းရှေ့နား မရောက်တစ်ရောက်တွင် ပီပီသသကြားလိုက်ရ သည်က ကံကော်မြို့တော်သီချင်း။ နားထဲသို့ စိမ့်ပြီးဝင်လာသည်။
(ပင်ယံကံ့ကော်တွေ xxxxx ပွင့်ပြန်ပြီလေ နေနိုင်ရက်သူရေ မွှေးပါစေ ဂျပ်ဆင်ဘေးက အတိတ်ပုံပြင်တွေ xxxxx ပြန်လည် ရေးသားဖို့မျှော်နေတယ်လေ ကံ့ကော်မြို့တော်ရေ xxxxx ကံ့ကော်မြို့တော်ရေ xxxxx ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်းတွေ အတူဒွန်တွဲလို့ ရှိတဲ့မြေ xxxxx ကံ့ကော်မြို့တော်ရေ xxxxx ကံ့ကော်မြို့တော်ရေ xxxxx နွေရက်တွေ ရှောင်ဖယ်ပြေးဖို့ မြေရယ် မရှိခဲ့လေတော့ xxxxx)
ကျွန်မတို့ တိုက်တန်းတွေ ရှေ့က တရွှေ့ရွေ့နှင့် ထွက်ခွာသွားသည့်တိုင်အောင် ကျွန်မဆီတွင်တော့ အဆိုတော် လွှမ်းမိုး၏ အသံနှင့် ကံ့ကော်ရနံ့တို့က စွဲကျန်ခဲ့သည်။ ငယ်ငယ်တည်းက နှစ်ခြိုက်ခဲ့ရသည့် သီချင်းတစ်ပုဒ်ဖြစ်သည့် ကံ့ကော်မြို့တော်။ ချိုသာလွန်းသည့် ကံ့ကော်မြို့တော်၊ တက္ကသိုလ်၏ အဆင်တန်ဆာသဖွယ် ကံ့ကော်။
ကျွန်မတို့ ခြံတွင် ကံ့ကော်ပင် မရှိ။ သို့သော် ကျွန်မတို့နှင့် ကပ်လျက် ခြံတွင် ကံကော်ပင် အမြင့်ကြီးတွေ ရှိသည်။ ခြံရှင်အဘွားက တံချူအရှည်ကြီးနှင့် ကံ့ကော်ပန်းများကို ခူးပြီး ၅ပွင့် ၆ ပွင့်စည်းကာ ရွာထဲသို့ လည်ရောင်းသည်။ ထိုအခါ ပေါ်ဦးပေါ်ဖျား ပန်းမို့ အမေက ဘုရားပန်းဝယ်ကပ်သည်။ နောက် ကျွန်မကို ကြက်တောင်စည်း စည်းပေးပြီး ကံ့ကော်ပန်း ပန်ပေးသည်။ တချိန်လုံး အငြိမ်မနေတတ်သည့် အရွယ်ဖြစ်သော်လည်း ကံကော်ပန်းကလေးပန်ပြီး သနပ်ခါး ညီညီညာညာ လိမ်းပေးထားသည့်အခါမျိုးဆိုလျှင်တော့ နေ့ဝက်လောက် အိနြေ္ဒရရ နေခဲ့ဖူးသည်ကိုတော့ ကျွန်မ အမှတ်ရမိသည်။
နောက် မူလတန်းတက်သည့်အခါ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းထောင့်တွင် ကံကော်ပင်များရှိသည်။ မနက်စောစော ကျောင်းစောင့် က ခူးပြီး ဘုရားတင်သောအခါမျိုးတွင် ကျွန်မတို့ ရောက်နေလျှင်တော့  ကံ့ကော်ပန်းရတတ်သည်။ သို့သော် ထိုအပင် က ပန်းပွင့်များသည် အဘွားတို့ ခြံက ကံ့ကော်လောက်မလှ။ အဘွားတို့ခြံက ကံ့ကော်ပန်းသည် အပွင့်ပိုကြီးသည်။ ဖြူဆွတ်နေ သည့် ပွင့်ဖတ်များကြားက ၀တ်မှုန်တို့က ပိုပြီး ၀င်းဝါသည်။ ပိုပိုပြီး မွှေးသည်။ ဆယ်ကျော်သက်အရွယ်တွင် တက်ရသည့် အထက်တန်းကျောင်းတွင်တော့ မလေးရှားပင်တောက်ပင်တို့သာ မင်းမူထားပြီး ကံ့ကော်ပင်တို့နှင့် ကင်းကွာခဲ့သည်။ ထိုအချိန်တွင်မှ ကျွန်မက လွှမ်းမိုး၏ ကံ့ကော်မြို့တော်နှင့် ရင်းနှီးလာခဲ့သည်။ ပုသိမ်တက္ကသိုလ်မှ ကျောင်းတက်ပြီး ပြန်လာသည့် ဦးလေးနှင့် ရေဒီယိုမှ တဆင့် တက္ကသိုလ်နှင့် ကံ့ကော်တို့က ကျွန်မကို လွှမ်းခြုံလာခဲ့သည်။
တက္ကသိုလ်ဝင်ခွင့်တွေ ဖြေပြီးချိန်တွင် တက္ကသိုလ်၊ ပန်းကံ့ကော်နှင့် အဓိပတိလမ်းတို့အကြောင်းကို စိတ်ကူးတွေ ယဉ်ခဲ့မိသည်။ ကြားဖူးခဲ့သည့် တက္ကသိုလ်နှင့် ကံ့ကော် သီချင်းပေါင်းများစွာ၊ ပုံပြင်ပေါင်းများစွာ၊ ဇာတ်လမ်းပေါင်းများစွာကို ကြိုတင်ရင်ခုန်နေခဲ့မိသည်။ တကယ်တမ်း လက်တွေ့ တက်ဖြစ်လာတော့  ဆေးဝါးတက္ကသိုလ် (ယခင် ကျွန်မတို့ တက်တုန်း ကတော့ ဆေးဝါးကျွမ်းကျင်မှု တက္ကသိုလ်)။ ကျောင်း တည်နေရာက မြောက်ဥက္ကလာ အစွန်က ကူးစက်ဆေးရုံနှင့် ကပ်လျက်။  ယခင်က မျှော်မှန်းခဲ့ သည့် ကံကော်ပင်တန်းတို့ ကိုယ်စား စိမ်းမြနေသော ကန်ဇွန်းခင်းနှင့် မြက်ပင်ရိုင်းတို့ကသာ ကျွန်မကို ကြိုလင့်နေခဲ့သည်။ အဓိပတိလမ်း၊ ပုဂံလမ်းတွေထက် ကျွတ်ပေါလွန်းသည့် မြေနီနီလမ်းတွေပေါ်သာ ခပ်သော့သော့ ခြေလှမ်းနှင်ခဲ့ရသည်။
ထို့သို့ မြို့စွန်လွင်တီးခေါင်ခေါင်တွင် တည်ရှိနေသော်လည်း ကျွန်မတို့ တက္ကသိုလ်သည် တက္ကသိုလ်၏ ဂုဏ်အင်္ဂါတစ်ရပ်ဖြစ်သည့် ကံ့ကော်နှင့် လုံးလုံး ကွင်းကွာသည်တော့မဟုတ်။ သထုံလမ်းမှ မြောက်ဥက္ကလာသို့ ရွှေ့လာသည်မှာ သိပ်မကြာသေးသောကြောင့် အရိပ်ရနိုင်သည့် အပင် ကြီးကြီး မားမားမရှိ။ ထိုသို့ အပင်ကြီး မရှိသေးသည့်အချိန်တွင် ဆရာမကြီးများက ကံကော်ပင်များကို စိုက်ပျိုးခဲ့ကြသည်။  အရင်တက်နှင့်သော စီနီယာ မမများအလှည့်တုန်းက လူနည်းသေးသည်။ အပင်တို့ကလည်း ငယ်လှသေး သည်။ နောက် ၃ နှစ်လောက် အတွင်းတွင်တော့ ကျောင်းရှိ အပင်များ၏ အချိုးအစားထက် ပိုမိုများလွန်း သည့် ကျောင်းသူများ ရှိလာသည်။ ထိုအခါ တက်သစ်စမိန်းမပျိုအားနှင့် ဖူးပွင့်ရန် အားယူခါစကံကော်ပင်ပျိုတို့ အင်အား ဘယ်လိုမှ မယှဉ်သာတော့။
ကံ့ကော်တို့ အဖူးလေးများ ပြူအာနေသည့် အချိန်တည်းက ထိုဘက်သို့ ကျောင်းသူများကပိုပြီး လမ်းသလားကြသည်။ ဟော . . ပွင့်ကြပြီ ဆိုတော့ ကံ့ကော်တို့ခမျာ နာရီပိုင်းလေးမျှ အပင်မှာ မမြဲနိုင်ရှာ။ လက်တစ်ဖောင်သာသာတွင်သာ ရှိသည့် ကိုင်းကိုနှိမ်လိုက်ရုံနှင့် အပွင့်တို့က အလိုလို မျက်စိရှေ့ရောက်လာတော့သည်။ ထိုနည်းဖြင့် သီရေတာ တစ်ဆောင်နှင့် တစ်ဆောင်ကြားရှိ ကံကော်ပင်တို့ သည်လည်းကောင်း၊ စီမံဌာနနှင့် စာကြည့်တိုက်တို့ တွဲလျက်ရှိသည့် အဆောင်တို့ရှေ့တွင် ရှိသော ကံ့ကော်ပင်တို့သည်လည်းကောင်း၊ ဓါတ်ခွဲခန်းအဆောင်ရှေ့က ကံ့ကော်ပင်တို့သည်လည်းကောင်း အပွင့်ဝေဆာသည့် ပင်ပျိုတို့အဖြစ် မမော့ကြွားနိုင်ရှာတော့ပေ။
ခြွင်းချက်အနေဖြင့် သဘာဝဆေးဝါးဗေဒဌာနမှ တီချယ်ကြီးအဆောင်နားတွင် ရှိသည့် ကံကော်ပင်ငယ် တချို့သာ သဘာဝအတိုင်း ဆက်လက်သင်းပျံနိုင်သည်။ သက်တမ်းရှည်ရှည် ဖူးခွင့် ပွင့်ခွင့်ရှိသည်။ သို့သော်လည်း တီချယ်ကြီး မမြင်လိုက်သည့်အချိန်တွင် တချို့ ကံ့ကော်တို့သည်လည်း ကျောင်းသူတို့လက် သက်ဆင်းသွားကြရသည်။ မိန်းမပျိုပေါင်းများစွာရှိသော အရပ်တွင် လူတစ်ရပ်သာသာ မျှသာရှိသော ကံကော်ပင်တို့သည် ဘယ်သို့ ဘယ်ပုံ သက်တမ်းရှင်နိုင်ပါမည်နည်း။
စီမံခန့်ခွဲမှုဘာသာရပ်တို့နှင့်ပတ်သက်ပြီး လှိုင်တက္ကသိုလ်များ နယ်မြေကို ခြေချခဲ့သည့် ကာလတွင်လည်း ကံ့ကော်နှင့် ထပ်မံ ဆုံတွေ့ခဲ့ရပြန်သည်။ သို့သော် ကျွန်မ မျှော်လင့်ထားခဲ့သည့် ကံ့ကော်ပင် အုံ့အုံ့ဆိုင်းဆိုင်းနှင့်တော့ မဟုတ်။ ကံ့ကော်ရနံ့သင်းထုံနေသည့် လမ်းများနှင့် မဟုတ်။ ခပ်သွယ်သွယ် ကံ့ကော်ပင်တို့သည် Department of Management Studies ဆိုသော ဌာနဆိုင်းဘုတ်နှင့် ခပ်ကွာကွာနေရာတွင်  ခြောက်သွေ့စွာပင် ဖူးပွင့်ခဲ့သည်။  ကျွန်မအဖို့တော့  ကြိုင်လှိုင်နေအောင် မမွှေးနိုင်သည့် ကံ့ကော်ပင်ငယ်ချင်း အတူတူ ဆေးဝါးတက္ကသိုလ်တွင် ရင်းနှီးခဲ့ရသည့် ကံ့ကော်တွေထက် RC 2 က ကံ့ကော်ပင်တွေ က သွေ့ခြောက်လွန်း ခဲ့သည်။ ကျောင်းတစ်ဘက်၊ အလုပ်တစ်ဘက်နှင့် ဗျာများနေရသည့်ဘ၀နှင့် ဆုံတွေ့ခဲ့ရသူများမို့  ဖြတ်သွား ဖြတ်လာနှင့်ပင် ပန်းကံ့ကော်နှင့် ကျွန်မ စိမ်းကား သွားခဲ့ရသည်။ တချိန်က တက္ကသိုလ် ကျောင်းသူကျောင်းသား တို့ ပျော်ရွှင်စွာ ခြေချင်းထပ်ခဲ့ရသည့် လှိုင်တက္ကသိုလ်များ နယ်မြေတွင် ကံ့ကော်ရနံ့ မပါဘဲနှင့် ၂ နှစ် ဆိုသော အချိန်သည် တပ်သုတ်ရိုက်ကာ ကုန်ဆုံးသွားခဲ့သည်။
ကျွန်မဘ၀၏ တက္ကသိုလ်နှင့် ကံ့ကော်ဇာတ်လမ်းက ဤသို့ ဤပုံနှင့် ဆုံဆည်းခဲ့ကြသည်။ ကျွန်မနှင့် ကံ့ကော်သည် တက္ကသိုလ်မြေတွင် မဆုံ မဟုတ်။ ဆုံခဲ့ရသည်။ သို့သော် ရိပ်ကြီး မြိုင်ကြီး ပေးသည့် ကံကော်ပင်တန်းနှင့် မဟုတ်။ ရနံ့ ကြိုင်ကြိုင်သင်းသည့် ကံ့ကော်ပန်း တို့နှင့် မဟုတ်။ မည်ကာမတ္တ ကံ့ကော်ပင်နှင့် မြေစမ်းခရမ်းပျိုးဘ၀ဖြင့် ရှင်သန်ခဲ့ရသော ကျွန်မ။ ထည်းထည်းကြီး ကံ့ကော်နှင့် ဖြတ်လျှောက်သမားဘ၀ ကျွန်မ။ နာရီတို့ ရွှေ့လျားပြောင်းလဲမှု၊ ခေတ်၏ ပင့်တင်ပေးမှု သို့မဟုတ်လည်း တနည်းနည်းဖြင့် နောက်လာနောက်သားများကို ကံကော်မြို့တော်နှင့်ပြန်လည်ပြီး ရင်းနှီးခွင့်တော့ ရစေချင်မိသေးသည်။ တက္ကသိုလ် မောင်တို့၊ မယ်တို့အားလုံးကို ကျွန်မတို့ ကြုံဆုံခွင့် မရခဲ့သည့် ကံ့ကော်၊ စွယ်တော်၊ ခုံပြာနှင့် တက္ကသိုလ်၏ အငွေ့အသက်တို့ လွှမ်းခြုံနေသည့် ဆွတ်ပျံ့မှုများကို ရစေချင်မိသေးသည်။
တနေ့နေ့ပေါ့။
နှင်းနုလွင်
၂၂၊ ၀၃၊ ၂၀၁၄
{source; နှင်းနုလွင် ဘလောဂ်} {ရန်ကုန်စက်မှု တက္ကသိုလ် နှင်. E-block မှာ နေခဲ့စဉ် ဘဝ ကို သတိရမိပါသည်။ ပုံ ကုလားမင်းသား စရကား။}

No comments:

Post a Comment